Pages

Friday, June 21, 2013

မြန်မာ-ဂျပန် ချစ်ကြည်ရေး ရာပြည့်အခမ်းအနား ကျင်းပမည်


ဇွန်လ ၂၁ ရက် 


မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့ ချစ်ကြည်မှု နှစ်ပေါင်းများစွာ ကြာမြင့်ပြီဖြစ်ခြင်းကို ဂုဏ်ပြုသောအားဖြင့် မြန်မာ-ဂျပန် ချစ်ကြည်ရေး အထိမ်းအမှတ် နှစ် (၁၀၀) ပြည့် အခမ်းအနားကို မြန်မာ-ဂျပန်လူမှု စီးပွား ဖွံ့ဖြိုးတိုးတက်ရေး အသင်းက ဇွန်လ ၂၂ ရက်နေ့တွင် ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ ခန်းမတွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း ယင်းအသင်း၏ ဗဟိုအလုပ် အမှုဆောင် ဦးအောင်နိုင်ထွန်းက ပြောကြားသည်။

မြန်မာ့လွတ်လပ်ရေး အတွက် ကြိုးပမ်းရာတွင် ဦးဆောင်ပါဝင်ခဲ့သော ဆရာတော်တစ်ပါး ဖြစ်သည့် ဆရာတော် ဦးဥတ္တမ ဂျပန်နိုင်ငံသို့ ရောက်ရှိချိန်မှ စတင်ကာ မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့ ချစ်ကြည်ရင်းနှီးမှု ကာလ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ခြင်းကို ဂုဏ်ပြုသော အားဖြင့် ယင်းအခမ်းအနားကို ကျင်းပရခြင်း ဖြစ်ကြောင်း မြန်မာ-ဂျပန် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး အသင်း၏ လူမှုရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဒေါက်တာ ဒေါ်ခင်ခင်လေးက ဆိုသည်။

"ဆရာတော်ဦးဥတ္တမက ဗိုလ်ချုပ်တို့ထက်အရင် ဂျပန်ကို ရောက်ခဲ့ပြီး နောက်လူတွေက သိပ်မသိတော့ အဓိကအဲဒါတွေ ကို လူငယ်တွေ သိစေချင်တာပေါ့” ဟု မြန်မာ-ဂျပန် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး အသင်းဝင် တစ်ဦးဖြစ်သူ ဦးဇော်ဇော်အောင်က ဆိုသည်။

မြန်မာ-ဂျပန် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး အသင်းကို ၂၀၁၂ ခုနစ် နိုဝင်ဘာလတွင် စတင် ဖွဲ့စည်းခဲ့ပြီး မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံ တို့အကြား ထိတွေ့ဆက်ဆံနေသော လူမှုရေးနှင့် စီးပွားရေး လုပ်ငန်းများတွင် ပေါင်းကူးတံတားသဖွယ် ချိတ်ဆက် ကူညီမှုများ လုပ်ဆောင်နေသော လူမှုရေးအသင်းအဖွဲ့ တစ်ခုဖြစ်သည်။

The Voice

No comments:

Post a Comment