Pages

Saturday, June 29, 2013

အေးရှားဝေါ(လ်)ကုမ္ပဏီနှင့်ဒေသခံများမြေယာပိုင်ဆိုင်မှုအငြင်းပွားနေ

ဇွန်လ ၂၉ ရက်

လားရှိုးမြို့နယ်၊ ခါးသျှီးကျေးရွာ၊ တန်းယန်းလမ်းခွဲ ဘယ်ဘက်ခြမ်းတွင် အခြေချနေထိုင်သူ ဒေသခံများနှင့် အေးရှားဝေါ(လ်)ကုမ္ပဏီတို့ မြေယာပိုင်ဆိုင်မှု အငြင်းပွားလျက်ရှိကြောင်း သိရသည်။

အဆိုပါ ခါးသျှီးကျေးရွာတွင် ယခင်နှစ်ပေါင်းများစွာမှ နေထိုင်ကြသော လီဆူးတိုင်းရင်းသားများ ရွှေ့ပြောင်းလုပ်သားများမှာ ၀မ်းစာအတွက် တောင်ယာစိုက်ခြင်း၊ ထင်းခုတ်၊ မျှစ်ချိုး၊ ၀ါးတိုက်၊ ပြောင်းစိုက်ခြင်းနှင့် လမ်းခင်းကျောက် ထုတ်လုပ်ခြင်း လုပ်ငန်းများ လုပ်ကိုင်နေကြရာ အေးရှားဝေါ(လ်) ကုပ္မဏီမှ ဒေသခံတိုင်းရင်းသားများ နေထိုင်လျှက်ရှိသော မြေဧက နှစ်ရာကျော်ကို ၎င်းတို့ ကုပ္မဏီပိုင်မြေအဖြစ် သတ်မှတ်ပြီး ဇွန်လ ၂၄ရက်နေ့ နံနက်ဆယ်နာရီခွဲ အချိန်တွင် တာဝန်ခံ ဦးမောင်မောင်လတ်မှ ဦးစီး၍ အလုပ်သမား (၁၅)ဦးခန့်နှင့် ကွန်ကရစ်တိုင်ဖြင့် ခြံစည်းရိုးများ ကာရံခြင်းများ ပြုလုပ်နေခြင်း ဖြစ်သည်ဟု ခါးသျှီးရွာသားများက ပြောကြသည်။

“ကျနော်သိတာ အရင်ပိုင်ရှင်တရုတ်ကသူ့ခြံကို အေးရှားဝေါ(လ်)ကို ရောင်းလိုက်တာ အဲဒါ ဒီနေရာတွေမပါဘူး။ အခု
သူ့နေရာလို့ပြောပြီး ခြံတွေခတ်နေတယ်”ဟု ဒေသခံရွာမှ ပြည်သူ့စစ် လီဆူးတိုင်းရင်းသားတစ်ဦးက ပြောကြားသည်။

ယင်းနေရာတွင် ပုံစံ ၁၀၅ဖြင့် နေထိုင်သူ ဒေသခံ ဦးမင်းနိုင်က “ကျနော်မှာ ပုံစံ (၁၀၅)ရှိတယ် ဒါပေမယ့် ရှိလဲသူတို့က ခြံစည်းရိုးတောင် လာခတ်သွားပြီ။ လျော်ကြေးပေးတာတို့ ၊ အစားပြန်ပေးတာတို့လည်း မရှိဘူး။ ခြံစည်းရိုး လာခတ်တော့လည်း မြေတိုင်းတာတို့ စာရွက်စာတမ်းတွေကို စစ်တာတို့လည်း မရှိဘူး။ မြေစာရင်းရုံးတို့ မြို့နယ်က တာဝန်ရှိသူတွေ လည်းမပါဘူး၊ ရွာသူကြီး တောင်မပါဘူး။ ဘာလို့သိမ်းလို့ သိမ်းမှန်းကို မသိတာ။ ကျနော်တို့က စာမတတ်တော့ သူတို့လုပ်ချင်သလို လုပ်နေတာ။ ဘယ်သူ့ကို တိုင်ရမှန်းလည်း မသိဘူး။ ကုပ္မဏီက မြေတွေကို သူတို့သိမ်းချင်တိုင်း သိမ်းလို့ ရတယ်လို့ ထင်နေလားမသိဘူး။ သူတို့ဘက်က တစ်ခုခုမလုပ်ပေးဘဲ ဒီနေရာကနေ ဘာဖြစ်ဖြစ် လုံးဝမရွှေ့ပေးနိုင်ဘူး။ အခုကျွန်တော်တို့မြို့နယ် ထွေအုပ်ရုံးကိုသွားပြီး စာတင်ဖို့ လုပ်နေတယ်”ဟု ပြောကြားသည်။

ယခင်ကလည်း အေးရှားဝေါ(လ်)တာဝန်ခံ ဦးမောင်မောင်လတ်မှ ၂၀၁၃ခုနှစ်၊ (၁)လပိုင်းက ၎င်းတို့လမ်းခင်းကျောက် ထုတ်လုပ်လျှက်ရှိသော ပတ်ဝန်းကျင်ဒေသတွင် နေထိုင်သူ အိမ်ထောင်စုများအား ပုံစံ (၁၀၅)နှင့် အရောင်းအ၀ယ် စာချုပ်များကို တောင်းသဖြင့် ဒေသခံများနှင့် ရွှေ့ပြောင်းလုပ်သားများမှ မိတ္တူကူးပြီး၊ တာဝန်ခံထံ သွားရောက် ပေးခဲ့ရသည်ဟု သိရသည်။

ယင်းမြေယာကိစ္စအား လားရှိုး အေးရှားဝေါ(လ်)ရုံးနှင့် တာဝန်ခံ ဗိုလ်ကြီးထွန်းထွန်းထံ ဖုန်းဖြင့်ဆက်သွယ် မေးမြန်းသော်လည်း ပြန်လည် ဖြေကြားခြင်း မရှိခဲ့ပေ။

ချစ်ထွေး (လားရှိုး)

The Myanma Age

No comments:

Post a Comment