ဇွန်လ ၂၂ ရက်
တောင်ငူမြို့ ကွမ်းပွဲရုံများတွင် ဇွန်လ ပထမပတ်တွင် ကွမ်းတစ်ပိဿာလျှင် ကျပ် ၁၅၀၀ ခန့်ဖြင့် အရောင်းအဝယ် ဖြစ်နေရာမှ ကွမ်းအထွက် နည်းနေ၍ ဇွန်လ ၂၁ ရက်နေ့ တွင် ယခင်ဈေးထက် ကျပ်တစ်ထောင်ကျော် မြင့်တက် ခဲ့ပြီး ကျပ်၂၅၀၀ အထိဖြစ်လာကြောင်း တောင်ငူမြို့ ကွမ်းပွဲရုံများနှင့် ကွမ်းယာ ရောင်းချသူများထံမှ စုံစမ်းသိရှိရသည်။
တောင်ငူမြို့နယ်တွင် ကျောက်ဆည်၊ တံတားဦးဒေသထွက် ကွမ်းများကို သုံးလေ့ မရှိဘဲ ဧရာဝတီတိုင်း ဟင်္သာတကွမ်းကိုသာ အသုံးပြုကြကြောင်း၊ မိုးရာသီအစ ကွမ်းရွက်နု ထွက်ချိန်တွင် ဈေးကောင်းရသဖြင့် ဟင်္သာတတွင် ကွမ်းခူးရောင်းချမှု မြင့်မားပြီး လက်ကျန် နည်းလာခြင်းကြောင့် ဈေးမြင့် တက်ရခြင်း ဖြစ်ကြောင်း တောင်ငူမြို့ ကွမ်း လက်လီလက်ကား ဖြန့်ချိရေး လုပ်ကိုင်သူ အချို့က သုံးသပ်ပြောကြားသည်။
၂၀၁၂ ခုနှစ် ဇွန်လအတွင်းက ကွမ်း တစ်ပိဿာလျှင် ကျပ် ၁၂၀၀ ခန့် ဈေးပေါက်ပြီး ၂၀၁၃ ခုနှစ် ဇွန်လ ပထမအပတ်အတွင်း ၁၅၀၀ ကျပ်ဖြင့်သာ ရောင်းချ ပေါက်ဈေး ရှိသော်လည်း လက်ရှိတွင် ကွမ်းတစ်ပိဿာလျှင် ၂၇၀၀ ကျပ်ခန့်ဖြင့် ရောင်းချလျက် ရှိကြောင်း တောင်ငူမြို့နယ် စတီးလမ်းရှိ စိုးလတ်ကွမ်းနှင့် ကွမ်းယာပစ္စည်း ဖြန့်ချိရေးလုပ်ငန်း လုပ်ကိုင်သူ ဦးစိုးလတ်က ပြောကြားသည်။
တောင်ငူမြို့တွင် ၂၀၀၈ ခုနှစ်က ဟင်္သာတကွမ်း တစ်ပိဿာလျှင် ကျပ် ၈၀၀၀ မှ ၁၀,၀၀၀ ကျပ်အထိ ဈေးအမြင့်ဆုံး ဖြစ်ခဲ့ပြီး ယင်းနောက်ပိုင်းတွင် ထူးထူးခြားခြား မြင့်တက်ခြင်း မရှိဘဲ ယခုမှဈေးတက် သည်ဆိုသည်မှာ ၂၀၀၈ ခုနှစ်ကို မကျော်သေးကြောင်း ကွမ်းနှင့် ကွမ်းယာပစ္စည်းများ လက်လီလက်ကား ဖြန့်ချိရေး ဆိုင်ပိုင်ရှင်များက ပြောကြားသည်။
မိုးရာသီတွင် ဟင်္သာတမြို့နယ်ဒေသ ထွက်ကွမ်းများကို ရန်ကုန်မြို့ ကွမ်းဒိုင်များမှ တစ်ဆင့် တောင်ငူမြို့ရှိ ကွမ်းပွဲရုံများကို နေ့စဉ် ဆယ်ဘီးယာဉ် နှစ်စီးမှ သုံးစီးအထိ၊ ကွမ်း ပိဿာချိန် ၅၀၀၀ နီးပါး ဝင်ရောက်လေ့ ရှိကြောင်း တောင်ငူမြို့ကွမ်းနှင့် ကွမ်းယာပစ္စည်းများ လက်လီလက်ကား ဖြန့်ချိရေး ဆိုင်ပိုင်ရှင်များထံမှ သိရှိရသည်။
The Voice Weekly

No comments:
Post a Comment