Pages

Friday, June 28, 2013

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ပြည်တွင်းပြည်ပ ကုမ္ပဏီများနှင့် ပေါင်း၍ အသစ်ပြန်ဖွဲ့မည်

ဇွန်လ ၂၈ ရက်


ဈေးနှုန်းမြင့်မားပြီး ဝန်ဆောင်မှု အားနည်းချက်များကြောင့် သုံးစွဲသူများ စိတ်ပျက်နေသည့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းကို ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံ သူများနှင့် ပူးပေါင်းကာ အများပိုင်ကုမ္ပဏီ အဖြစ် အသစ်ပြန်လည် ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက် အလက် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြတ်ဟိန်းက ပြည်သူ့လွှတ်တော်တွင် ပြောကြားသည်။

"မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းကို မကြာမီမှာ ကော်ပိုရေးရှင်း ပြောင်းတော့မယ်။ နောက်ဆိုရင် နိုင်ငံတော်ဘဏ္ဍာ သိပ်မသုံးတော့ဘူး။ ဒီတော့ ကိုယ့်ဟာကိုယ် ရပ်တည်ရင် အခက်အခဲတွေ ရှိနိုင်တယ်။ ဒါကြောင့် ပြည်တွင်းပြည်ပကနေ လူ့စွမ်းအား အရင်းအမြစ်၊ ငွေကြေး၊ နည်းပညာပိုင်း ပူးပေါင်းဆောင်ရွက်မှုပြုလုပ်မယ့် ပြည်တွင်း ပြည်ပကုမ္ပဏီတွေနဲ့ ပူးပေါင်းဆောင်ရွက် သွားမယ်" ဟု ၄င်းကဆိုသည်။

ယခင်က အများနှင့်မသက်ဆိုင်ဘဲ အစိုးရနှင့် ပတ်သက်ဆက်နွယ်မှုများ ရှိသော ရတနာပုံတယ်လီပို့ ကုမ္ပဏီ အနေနှင့်လည်း အများပိုင်ကုမ္ပဏီ အဖြစ် အသွင်ပြောင်းတော့မည် ဖြစ်ကြောင်း ၄င်းကဆိုသည်။
"မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းကို ကျွန်တော်တို့ ပုဂ္ဂလိကပိုင် လုပ်ပါမယ်။ အများနဲ့မသက်ဆိုင်တဲ့ ရတနာပုံတယ်လီပို့ ကိုလည်း အများနှင့်သ က်ဆိုင်သော ကုမ္ပဏီအဖြစ် ပြောင်းလဲမယ်။ ဒါဆို အော်ပရေတာ လေးခုရှိလာမယ်" ဟုဆိုသည်။

ပြည်ပကုမ္ပဏီများ ရွေးချယ်ပြီးဖြစ်၍ အော်ပရေတာလေးခု ရှိလာမည်ဖြစ်ကာ ပြည်သူများ အနေနှင့်လည်း ဈေးနှုန်းသက်သာ၍ အရည်အသွေး ကောင်းမွန်သော
ဝန်ဆောင်မှုများ ရရှိလာမည်ဖြစ်ကြောင်း ပြည်သူများ စိတ်ကြိုက်ရွေးချယ်ခွင့် ရရှိစေမည်ဖြစ်ကြောင်း ၄င်းကဆိုသည်။

"ဒီလိုပြုပြင်ပြောင်းလဲမှု တွေကြောင့် ဆက်သွယ်ရေးကဏ္ဍ တိုးတက်လာမယ်။ ပြီးတော့ ဒါနဲ့ ဆက်စပ်ကဏ္ဍ တွေလည်း တိုးတက်လာမယ်။ GDP လည်း တိုးတက်လာမယ်" ဟု ပရိုဂရမ်မာတစ်ဦးဖြစ်သူ ကိုရဲဝင်းအောင်က မှတ်ချက်ပေးသည်။

ဆက်သွယ်ရေး အော်ပရေတာ တင်ဒါခေါ်ယူခြင်းနှင့် ရွေးချယ်ရေးကော်မတီ က ဇွန်လ ၂၇ ရက်နေ့တွင် Telenor နှင့် Ooredoo ကုမ္ပဏီများကို လိုင်စင်ချထားပေးရန် ရွေးချယ်ခဲ့ကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။

The Voice Weekly

No comments:

Post a Comment