ဇွန်လ ၁၉ ရက်
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ဥက္ကဋ္ဌနှင့် ရှမ်းပြည်တပ်မတော် RCSS/SSA ၏ ဒုတိယဗိုလ်ချုပ်ကြီး ရွက်ဆစ်နှင့်အဖွဲ့သည် ဇွန်လ ၁၈ ရက် ညနေပိုင်းက ရှမ်းပြည်နယ် တောင်ကြီးမြို့သို့ ရောက်ရှိလာကာ ရှမ်းပြည်နယ် ဒေသခံများ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ အရပ်ဘက်လူ့ အဖွဲ့အစည်းများနှင့် တွေ့ဆုံမည် ဟု ပြောသည်။
တောင်ကြီးတွင် နှစ်ရက်ကြာ နေထိုင်မည့် ဦးရွက်ဆစ်က ''ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင်တွေနဲ့လည်း ရင်းနှီးမှုရဖို့တွေ့ဆုံဆွေးနွေးမယ်၊ တောင်ကြီးမှာရှိတဲ့ လူမှုအခြေပြု အဖွဲ့တွေနဲ့လည်း တွေ့ဆုံသွားမယ်၊ ရှမ်းပြည်တိုးတက်ရေးအတွက် ဘယ်လိုပူးပေါင်း ဆောင်ရွက်သင့်တယ်ဆိုတာတွေကို ဆွေးနွေးမယ်'' ဟု ပြောသည်။
''စစ်မှန်တဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ အဓိကအချက်က တစ်ဦးနဲ့တစ်ဦး ယုံကြည်မှုရှိအောင်လို့ ကျွန်တော်တို့ ဆွေးနွေးသွားမှာ ပါ။ စည်းလုံးညီညွတ်ပြီး တန်းတူညီမျှတဲ့ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ သဘောထားအမြင်တွေ ယုံကြည်ချက်တွေပြောပြပြီး အစိုးရအဖွဲ့နဲ့ ဆွေးနွေးမယ်'' ဟုလည်း ဦးရွက်ဆစ်က ပြောသည်။
ဦးရွက်ဆစ်နှင့်အဖွဲ့ကို ဒေသခံ ရှမ်းတိုင်းရင်းသားများ၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ အရပ်ဖက် လူ့အဖွဲ့ အစည်းများ၊ ရှမ်းပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ၊ ကျားဖြူပါတီ၊ ရှမ်းစာပေ ယဉ်ကျေးမှုအသင်းဝင်များ ကြိုဆိုကြသည်ကိုလည်းတွေ့ရသည်။ ကြိုဆိုသူများတွင် ရှမ်းပြည်နယ် လမ်းပန်းဝန်ကြီး ဦးစိုင်းနော်ခမ်း၊ သစ်တောနှင့် သတ္တုဝန်ကြီး ဦးစိုင်းအိုက်ပေါင်းတို့လည်းပါဝင်သည်။
''ပြည်ထောင်စုကြီး ထာဝရငြိမ်းချမ်းရေးအလို့ငှာ ကျွန်တော်တို့ ရှမ်းပြည်သား တစ်ဦးအနေနဲ့ လာရောက်ကြိုဆိုခြင်း ဖြစ်ပါတယ်''ဟု မျိုးဆက်သစ်(ရှမ်းပြည်) အဖွဲ့ဝင် စိုင်းအောင်မြင် က ပြောဆိုသည်။
ဦးရွက်ဆစ်နှင့် အဖွဲ့သည် ဇွန်လ ၁ဝ ရက်တွင် နေပြည်တော်သို့သွားရောက်ကာ သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံခဲ့သေးသည်။ ယင်းအပြင် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် SNLD ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးတို့နှင့်လည်း ရန်ကုန်မြို့တွင် တွေ့ဆုံခဲ့သည်။
Mizzima

No comments:
Post a Comment