Pages

Tuesday, June 11, 2013

ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) ကို မတရားအသင်းမှပယ်ဖျက်ပေးရန် သမ္မတထံ တောင်းဆိုမည်


ဇွန်လ ၁၁ ရက်

ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) RCSS/SSA ကို မတရားအသင်းအဖြစ်မှ ပယ်ဖျက်ပေးရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ တောင်းဆို မည်ဖြစ်ကြောင်း RCSS/SSA မှ ဗိုလ်မှူးကြီးသိုက်ဦးက The Voice သို့ ပြောကြားသည်။

RCSS/SSA ခေါင်းဆောင် ဗိုလ်ချုပ်ကြီးရွက်ဆစ်နှင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်တို့ ဇွန်လ ၁၀ ရက်တွင် နေပြည်တော် ကောင်စီ၌ တွေ့ ဆုံဆွေးနွေးသည့်အခါ ယင်းတောင်းဆိုမှုကို ထည့်သွင်းတင်ပြရန် စီစဉ် ထားကြောင်း ၎င်းက ရှင်းပြသည်။

"တိုက်ပွဲတွေ ဆက်မဖြစ်အောင်နဲ့ ဆက်ဆံရေးတွေကတစ်ဆင့် တပ်တွေ အပြန်အလှန် ဆက်သွယ်ကြဖို့ တင်ပြမယ်" ဟုလည်း ၎င်းက ဆိုသည်။

ကေအိုင်အိုနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိ ပါက နိုင်ငံရေးဆွေးနွေးပွဲ စတင်နိုင်ရန် တိုင်းရင်းသား လက်နက်ကိုင် အားလုံးကို မတရားအသင်း ကြေညာထားခြင်းမှ ပယ်ဖျက်ပေးမည် ဟု ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးအောင်မင်းက ကတိပြုထားကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပါတီအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြောကြားသည်။

အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးစဉ်က သဘောတူညီထားသော အချက်များကို လက်တွေ့တွင် အစိုးရအနေဖြင့် ဆောင်ရွက်ပေးခြင်း မရှိသေးသော်လည်း တင်ပြမည်ဖြစ်ကြောင်း ဗိုလ်မှူးကြီးသိုက်ဦး က ဆိုသည်။

"စိုက်ပျိုးရေးအတွက် မြေနေရာချပေးမယ် ပြောတယ်။ ဒါပေမဲ့ ပြည်နယ် အစိုးရက အထက်မိန့်မလာလို့ ချမပေးဘူး" ဟု ၎င်းက လက်တွေ့ အခြေအနေကို ပြောပြသည်။

ရှမ်းပြည်နယ်တောင်ပိုင်း လွယ်တိုင်းလျှန်ဒေသအခြေစိုက် တပ်အင်အား ခြောက်ထောင်ခန့် ရှိသော ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) သည် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့တွင် အစိုးရနှင့်အပစ်အခတ် ရပ်စဲရေး သဘောတူလက်မှတ် ထိုးခဲ့သည်။ 

The Voice Weekly

No comments:

Post a Comment