Pages

Friday, June 28, 2013

စည်ပင်သက်တမ်းတိုးမပေး၍ ရေခဲကမ္ဘာပိတ်မည်

ဇွန်လ ၂၈ ရက်


မြေငှားသက်တမ်း တစ်နှစ်ခြောက်လ ထိသာခွင့်ပြုခဲ့သော ကန်တော်ကြီး အမျိုးသားဥယျာဉ် အတွင်းရှိ ရေခဲကမ္ဘာ (ငွေနှင်းကမ္ဘာ)ကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ထပ်မံသက်တမ်း မတိုးပေးသဖြင့် ဇွန်လကုန်တွင် ပိတ်သိမ်းမည် ဖြစ်ကြောင်း ယင်းကုမ္ပဏီ၏ မန်နေဂျင်း ဒါရိုက်တာ ဦးကျော်ခိုင်က ပြောကြားသည်။

ကျပ်သိန်းပေါင်းတစ်သောင်း ခြောက်ထောင် အကုန်အကျခံဆောက်လုပ် ထားသော ရေခဲကမ္ဘာ(ငွေနှင်းကမ္ဘာ) ကို စည်ပင်သာယာရေးကော်မတီက ဆက်လက် လုပ်ကိုင်လိုလျှင် အခမဲ့လွှဲပြောင်း ပေးမည်ဖြစ်ပြီး နည်းပညာ အကူအညီလည်း ပေးသွားမည်ဖြစ်ကြောင်း ၄င်းကဆိုသည်။

ရန်ကုန်မြို့တွင် သတ်မှတ်ထားသော ပန်းခြံများအပါအဝင် ကန်တော်ကြီး၊ အင်းလျားကန် ဘေးပတ်လည်ရှိ ဧရိယာ များကို အစိမ်းရောင်ဧရိယာအဖြစ် သတ်မှတ်လိုက်သဖြင့် အဆောက်အအုံအသစ်များ ထပ်မံဆောက်လုပ်ခွင့်ကို ကန့်သတ်သွားရန် ရန်ကုန်တိုင်း ဝန်ကြီးချုပ်ထံ တင်ပြထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက အင်ဂျင်နီယာဌာန (အဆောက်အအုံ) လက်ထောက်ဌာနမှူး ဦးနေဝင်းက ပြောကြားသည်။
"ဆောက်ပြီးသား အဆောက်အအုံ တွေကို ဖျက်ဖို့မရှိပါဘူး"ဟု ၄င်းကဆိုသည်။

ဆဲလ်ဆီးယပ် အနုတ် ၅ ဒီဂရီ မှ ၁၀ အထိအေးမြသော ကမ္ဘာ့မြောက်ဝင်ရိုးစွန်းတန်း အရသာကို မြန်မာနိုင်ငံတွင် ခံစားနိုင်ရန် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလက ပထမဆုံး ဆောက်လုပ်ခဲ့ခြင်း ဖြစ်ပြီး လက်ရှိ ဝန်ထမ်း ၅၅ ဦးခန့် အလုပ်ခန့်ထားသည်။

ယခုလ ကျန်ရှိရက်များအတွင်း ကျောင်းသားများကို အခမဲ့ ပြသသွားမည် ဖြစ်ကြောင်း၊ လူကြီးဝင်ကြေး ၁၀၀၀ ကျပ်၊ ကလေး ၅၀၀ ကျပ်ဖြင့် ပြသမည် ဖြစ်ကြောင်း ဦးကျော်ခိုင်က ဆိုသည်။

The Voice Weekly

No comments:

Post a Comment