Pages

Friday, July 12, 2013

ငြိမ်းချမ်းရေးအတွက် ကချင်ပြည်သူ လူထုနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများ နှစ်ရက်ကြာဆွေးနွေး

ဇူလိုင်လ ၁၂ ရက်

7.11.5
ငြိမ်းချမ်းရေးအတွက် ကချင်ပြည်သူလူထုနှင့် အရပ်ဘက်လူမှု အဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးစဉ် (ဓာတ်ပုံ - ထွန်းလင်းအောင်)
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ ကချင်နှစ်ခြင်း ခရစ်ယာန် ဘုရားကျောင်းတွင် ကချင်အရပ်ဘက် လူမှုအဖွဲ့အစည်းများ၊ ဘာသာရေးဆိုင်ရာ အဖွဲ့အစည်းများ၊ ကချင်တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှု ကော်မတီဝင်များ၊ ကချင်အမျိုးသား အတိုင်ပင်ခံအဖွဲ့နှင့် မြို့မိမြို့ဖများ၊ လူထုကိုယ်စားပြု ခေါင်းဆောင်များသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် တွေ့ဆုံညှိနှိုင်းမှု တစ်ရပ်ကို ဇူလိုင် ၉ ရက်မှ ၁၀ ရက်အထိ နှစ်ရက်ကြာ တွေ့ဆုံဆွေးနွေးခဲ့သည်။
လူထုကို အခြေခံပြီး ဆွေးနွေးရသည့် ရည်ရွယ်ချက်များမှာ ကချင်လူမှု အဖွဲ့အစည်းများ၊ ကချင်ပြည်သူများ အနေဖြင့် တရားမျှတ တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရန် မိမိတို့၏ ရပ်တည်ချက်နှင့် ပါဝင်နိုင်သည့် အခန်းကဏ္ဍကို သိရှိနားလည်စေရန်၊ Technical Advisory Team ဖွဲ့စည်းရခြင်း အကြောင်းရင်းကို သိရှိနားလည် ကြစေရန်၊ နောင်တွင်ပြုလုပ်မည့် နိုင်ငံရေး/ ငြိမ်းချမ်းရေး ညှိနှိုင်းဆွေးနွေးမည့် လုပ်ငန်းစဉ်တွင် ကချင်ပြည်သူ လူထု၏ လိုအပ်ချက် သဘောထား အမြင်များအား စုစည်းသွားရန် ဖြစ်ကြောင်း သိရသည်။

အပြုသဘောဆောင်တဲ့ အစည်းအဝေးလို့ မြင်ပါတယ်။ အစိုးရကို ဝေဖန် ပုတ်ခတ်တာလည်း မရှိဘူး။ ငြိမ်းချမ်းရေး ဆွေးနွေးမှုကို အားပေးမှုနှင့် ပြည်သူလူထုတွေရဲ့...


PCG အဖွဲ့ဝင် ဦးဆန်းအောင်က ''အဓိကတော့ မေလဆွေးနွေးပွဲရဲ့ ရလဒ်ကို ပြည်သူလူထုတွေ သိစေချင်တယ်။ Technical Advisory Team မှာ အရပ်ဘက်က ပါဝင်တဲ့သူကို ပြည်သူတွေက မရွေးဘဲ ကေအိုင်အိုကပဲ ရွေးမှာပါ။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် ကဏ္ဍအလိုက် ပံ့ပိုးနိုင်ဖို့ အလုပ်ရုံ ဆွေးနွေးပွဲလို့ ပြောရမယ်ထင်တယ်။ အခုအစည်းအဝေးမှာ တောင်မှ ခံစားချက်ကို မူတည်ပြီး သဘောထား တင်းမာတဲ့သူတွေ ပါနေလို့ သဘောပေါက်အောင်တော့ ရှင်းပြရတယ်။ အဓိကတော့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို ပြည်သူတွေ ပံ့ပိုးနိုင်ဖို့ပါပဲ'' ဟု ပြောကြားသည်။
အစည်းအဝေး ကိုယ်တိုင် တက်ရောက်ခဲ့သူ ကချင်တိုးတက်ရေး ပါတီဥက္ကဋ္ဌ ဒေါက်တာတူးဂျာက ''အပြုသဘောဆောင်တဲ့ အစည်းအဝေးလို့ မြင်ပါတယ်။ အစိုးရကို ဝေဖန် ပုတ်ခတ်တာလည်း မရှိဘူး။ ငြိမ်းချမ်းရေး ဆွေးနွေးမှုကို အားပေးမှုနှင့် ပြည်သူလူထုတွေရဲ့ လိုအပ်ချက်နဲ့ ခံစားချက်တွေကို ဖလှယ်ကြတာပါ'' ဟု ပြောကြားသည်။
၎င်းဆွေးနွေးပွဲကို ငြိမ်းချမ်းရေး အကျိုးဆောင် အဖွဲ့နှင့် ကချင်အရပ်ဘက် လူမှုအဖွဲ့အစည်းများ ပူးပေါင်းကျင်းပခြင်း ဖြစ်ပြီး အဖွဲ့အစည်း ၄၈ ခု၊ လူဦးရေ စုစုပေါင်း ၂၇၅ ဦး တက်ရောက်ခဲ့သည်။
eleven

No comments:

Post a Comment