Pages

Friday, July 26, 2013

ကချင်နှင့် ရှမ်းမြောက်ရှိ ဒုက္ခသည်များအတွက် နှစ်နှစ်အတွင်း ကန်ဒေါ်လာ သန်း ၇၀ သုံးရန် လျာထား

ဇူလိုင်လ ၂၆ ရက်

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ဘေးဒုက္ခသည် များကို၂၀၁၃ ခုနှစ်မှ၂၀၁၅ ခုနှစ်အတွင်း လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီများပေးရန် အမေရိကန် ဒေါ်လာသန်း ၇၀ လျာထားသည်ဟု အကူညီပေးမည့် အဖွဲ့အစည်း ခုနစ်ဖွဲ့က ဇူလိုင် ၂၄ ရက်တွင် ပြောကြားသည်။

ယင်းအဖွဲ့ ခုနစ်ဖွဲ့က ဇူလိုင် ၂၄ ရက်တွင် ရန်ကုန်မြို့ Summit Parkview ဟိုတယ်တွင် ကျင်းပသည့် စာနယ်ဇင်းရှင်းလင်းပွဲတွင် ယင်းသို့ ထုတ်ပြန်ပြောကြားခြင်း ဖြစ်သည်။

ယင်းသို့အကူအညီများပေးရန် ဒေသခံလူမှုအဖွဲ့စည်း ၇ ဖွဲ့က ကူညီမည်ဖြစ်သည်ဟု ယင်း ၇ ဖွဲ့၏ ကချင် ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း တုံ့ပြန်ပေးလျက်ရှိသော လူသားချင်းဆိုင်ရာစာနာထောက် ထားမှု ပူးပေါင်းလုပ်ငန်းစဉ် ထုတ်ပြန်ချက်အရ သိရသည်။

ယင်းဒေသများတွင် နယ်မြေလုံခြုံရေးအရ နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်သည့် ဒုက္ခသည် ရှစ်သောင်း မှ တစ်သိန်းကြားရှိပြီး ၎င်းတို့ကို မေတ္တာဖောင်ဒေးရှင်း၊ ငြိမ်းဖောင်ဒေးရှင်း၊ ကရုဏာမြန်မာ၊ ကချင်နှစ်ခြင်း အသင်းတော်များအဖွဲ့ချုပ်၊ BRIDGE၊ WPN စသည့် အဖွဲ့စည်း ၇ ဖွဲ့က စုပေါင်း၍ အကူအညီများကို ပေးသွားမည်ဖြစ်သည်။

ယင်းသို့ အကူအညီပေးခြင်းနှင့် ပတ်သက်ပြီး မေတ္တာဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးစိုင်းစမ်ခမ့်က “ကေအိုင်အို ထိန်းချုပ်နယ်မြေ စခန်းတွေမှာ အကူအညီတွေ ရောက်ရှိဖို့ နည်းနေပါတယ်။ စားနပ်ရိက္ခာ လိုအပ်တဲ့ စစ် ဘေးဒုက္ခသည်စခန်းတွေကို နယ်စပ်မှာရှိတဲ့ အဖွဲ့လေးဖွဲ့နဲ့ ကျွန်တော်တို့အဖွဲ့ ပူးပေါင်းပြီး ဆောင်ရွက် သွားမှာပါ”ဟု ပြောသည်။

အကူအညီပေးရေးလုပ်ငန်းများ လုပ်ကိုင်ရာတွင် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ထူထောင်ပေးခြင်း၊ စစ်ဘေးရှောင် ကလေးငယ်များ၏ ပညာရေး၊ စားနပ်ရိက္ခာများ ထောက်ပံ့ပေးခြင်း၊ ဒုက္ခသည်စခန်းများ တည်ဆောက်ပေးခြင်း အပါအ၀င် စစ်ဘေးရှောင်များအတွက် လိုအပ်သည့် အကူအညီများအတွက် အမေ ရိကန်ဒေါ်လာ သန်း ၇၀ အသုံးပြုရန် လျာထားခြင်း ဖြစ်သည်။

ဒုက္ခသည်များကို နေရပ်ဒေသများတွင် ပြန်လည် နေရာချထားရေး လုပ်ဆောင်ရန် အခွင့်အရေးပေးပါက အချိန်ကာလ ကန့်သတ်၍ ဖိအားပေးခြင်းများ မပြုလုပ်ရန်နှင့် ပြန်လည်ရွှေ့ပြောင်းခြင်းကို အချိန်ယူ ကြိုတင် ဆောင်ရွက်ပေးရန် တောင်းဆိုလိုသည်ဟုလည်း အဆိုပါ အဖွဲ့အစည်း ခုနစ်ဖွဲ့က တောင်းဆိုလိုက်သည်။

ဦးစိုင်းစမ်ခမ့်က “စစ်ဘေးဒုက္ခသည်တွေ နေရပ် ပြန်လည်နေရာချထားခြင်း မစတင်မီ ဒုက္ခသည်အားလုံးကို အကာအကွယ်ပေးရေးနှင့် လုံခြုံရေးကို အာမခံပေးဖို့ တောင်းဆိုလိုပါတယ်။ ကျွန်တော်တို့အဖွဲ့ ခုနစ် ဖွဲ့ရဲ့ တောင်းဆိုချက်က ကေအိုင်အိုနဲ့ အစိုးရတင် မဟုတ်ပါဘူး၊ သက်ဆိုင်တဲ့ အဖွဲ့အစည်းများ အားလုံးကို တောင်းဆိုတာပါ”ဟု ပြောသည်။

Mizzima - News in Burmese

No comments:

Post a Comment