Pages

Friday, August 30, 2013

ဆီးရီးယားအရေး အမေရိကန် မစွက်ဖက်ရန် အိမ်ဖြူတော်ရှေ့ ဆန္ဒပြ

30.8.2013

ဆီးရီးယားအရေးမှာ အမေရိကန်အစိုးရက ၀င်ရောက်စွက်ဖက်မှာကို မလိုလားတဲ့ လူတွေ မနေ့က အိမ်ဖြူတော်ရှေ့မှာ စုရုံး ဆန္ဒပြကြပါတယ်။

ဆန္ဒပြပွဲကို စီစဉ်တဲ့ Answer Coalition အဖွဲ့က ရိုင်ယန် ဘက်ခါက ဆီးရီးယားမှာ အစုလိုက်အပြုံလိုက် သေစေနိုင်တဲ့ လက်နက်တွေ ရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဆီရီးယားမြို့တော် ဒမာစကက်ကို အမေရိကန်က ဗုံးကြဲရင် ဒုက္ခသည်တွေ ပိုတိုးလာမှာကို စိုးရိမ်တယ်လို့ ပြောပါတယ်၊။

အမေရိကန်သမ္မတ ဘာရတ် အိုဘားမားက ဆီးရီးယားအရေးကို အမေရိကန်အစိုးရက ၀င်ရောက်စွက်ဖက်တဲ့အခါ အီရတ်မှာလို အဖြစ်မခံဘဲ အကန့်အသတ်နဲ့ ၀င်ရောက်စွက်မယ်လို့ ပြောပြီး နာရီပိုင်းအတွင်းမှာပဲ အခုလို ဆန္ဒပြကြတာပါ။

ဆီးရီးယားအရေးမှာ အမေရိကန်ပြည်သူတွေဆီက ထောက်ခံမှုရဖို့ သမ္မတ အိုဘားမားက ဆီးရီးယား အရေးဟာ အမေရိကန် အမျိုးသား လုံခြုံရေး အကျိုးစီးပွားနဲ့ပတ်သက်နေတယ်လို့ ပြောရင်း စည်းရုံးနေပါတယ်။

ဒါပေမယ့် ကြိုတင်စစ်တမ်းတွေအရ ဆီးရီးယားအရေးမှာ အမေရိကန်က ၀င်ရောက်စွက်ဖက်မှာကို အမေရိကန် ပြည်သူတွေ အများစုက မလိုလားကြပါဘူး။

ဗြိတိန်ပါလီမန်မှာလည်း ဆီးရီးယားအရေး ၀င်စွက်ရေးနဲ့ပတ်သက်လို့ မဲခွဲတဲ့အခါမှာ စစ်တိုက်ဖို့ စိတ်အားထက်သန်တဲ့ ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန်း တို့ဘက်က ရှုံးနိမ့်သွားပါတယ်။

ဒီအတောအတွင်းမှာ ကုလသမဂ္ဂ ဒုက္ခသည်စောင့်ရှောက်ရေးအဖွဲ့ (ယူအန်အိပ်ခ်ျစီအာရ်) ကလည်း ဆီးရီးယားဒုက္ခသည်တွေ ၀င်လာရင် နယ်စပ်ဂိတ်တွေကို ဖွင့်ပေးထားဖို့ အိမ်နီးချင်း နိုင်ငံတွေကို တိုက်တွန်းထားပါတယ်။

ဆီးရီးယား ပြည်တွင်းစစ်ဟာ နှစ်နှစ်ခွဲထဲကို ရောက်နေပြီး သေဆုံးသူ ၁ သိန်း ကျော်လာပြီး ဒုက္ခသည် ၂ သန်းနီးပါးဟာ အိမ်နီးချင်းနိုင်ငံတွေမှာ ထွက်ပြေးခိုလှုံနေရပါတယ်။

DVB TV News

No comments:

Post a Comment