Pages

Friday, August 16, 2013

အရပ် ၇ ပေ ၁၀ လက်မရှိ ကိုဝင်းဇော်ဦးကို ခွဲစိတ်ရန် သြဂုတ် ၁၅ ရက်က စင်ကာပူသို့ ထွက်ခွာခဲ့ပြီး ရာနှုန်းပြည့် ကျန်းမာနိုင်မည် ဖြစ်ကြောင်း သိရ

သြဂုတ်လ(၁၆)ရက်
Photo: အရပ် ၇ ပေ ၁၀ လက်မရှိ ကိုဝင်းဇော်ဦးကို ခွဲစိတ်ရန် သြဂုတ် ၁၅ ရက်က စင်ကာပူသို့ ထွက်ခွာခဲ့ပြီး ရာနှုန်းပြည့် ကျန်းမာနိုင်မည် ဖြစ်ကြောင်း သိရ

16.8.2013

မကွေးတိုင်း ဒေသကြီးမှ အရပ် ခုနစ်ပေ ၁၀ လက်မရှိ ကိုဝင်းဇော်ဦး၏ ကျန်းမာရေး စစ်ဆေးခွဲစိတ်မှုများ ပြုလုပ်ရန်အတွက် သြဂုတ် ၁၅ ရက်က စင်ကာပူနိုင်ငံသို့ ထွက်ခွာသွား ပြီဖြစ်ကြောင်း သိရသည်။

ကိုဝင်းဇော်ဦးသည် အသက် ၃၅ နှစ်ရှိပြီဖြစ်ကာ Acromegaly ဟုခေါ်သည့် ရောဂါခံစားနေရပြီး ယင်းရောဂါသည် Pituitary Gland အကျိတ်ကြောင့် Growth Hormone အထွက်လွန်ပြီး ခန္ဓာကိုယ် အစိတ်အပိုင်းများ အလွန်အမင်း ကြီးထွားလာခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ ဖြစ်ပွားနေမှုများ အတွက် အသည်းအထူးကု ဆရာဝန်ကြီး ပါမောက္ခ ဦးခင်မောင်ဝင်း၊ ဦးနှောက်နှင့် အာရုံကြော ခွဲစိတ်အထူးကု ဆရာဝန်ကြီး ပါမောက္ခ ဦးမြတ်သူ၊ ဓာတ်မှန်ဆရာဝန်ကြီး ဒေါက်တာ ဦးကျော်မြင့်နှင့် အဏုဇီဝဗေဒ ဆရာဝန်ကြီး ဒေါက်တာဦးသိန်းသန်းတို့ ပူးပေါင်း၍ ထိရောက်သည့် ကုသမှုများ ပေးနိုင်ရန် အတွက် လိုအပ်သည့် စစ်ဆေးမှုများကို ပြည်တွင်း ပြည်ပ ဓာတ်ခွဲခန်းများသို့ ဇူလိုင်လ အတွင်းက ပေးပို့စစ်ဆေးခဲ့ပြီး စစ်ဆေးမှု ရလဒ်များအရ စင်ကာပူနိုင်ငံ အထွေထွေရောဂါ အထူးကု ဆေးရုံကြီးသို့ သွားရောက်ကုသရန် စီစဉ်သည်။

လက်ရှိတွင် ကိုဝင်းဇော်ဦး၏ ဆေးကုသမှု ကုန်ကျစရိတ်များကို ပါမောက္ခ ဒေါက်တာခင်မောင်ဝင်းက ပံ့ပိုးပေးမည်ဖြစ်ပြီး စင်ကာပူမှ ဆေးကုသပြီး ပြန်လာပါက ရောဂါဆက်လက် ကုသရန်နှင့် နေထိုင်စားသောက် စရိတ်များအတွက် ငွေကြေးများ လိုအပ်နေသည့် အတွက် "Save Win Zaw Oo" ဆိုသည့် ဆောင်ပုဒ်နှင့် အသက်ကယ် ရန်ပုံငွေများ ရှာဖွေမည် ဖြစ်ကြောင်း သိရသည်။

''ဒီလိုရောဂါက မကုသနိုင်ရင် တစ်နှစ်ကနေ သုံးနှစ်အတွင်း အသက်ဆုံးရှုံးမှု ဖြစ်နိုင်ပါတယ်။ ခုလိုသွားရောက် ကုသလိုက်ရင်တော့ ရာနှုန်းပြည့်ပြန်ပြီး ကျန်းမာနိုင်မယ်။ ခုလို သွားရောက် ကုသဖို့အတွက် တာဝန်ယူထားပေးပေမယ့် ပြန်လာရင် သူ့အတွက် ဆက်လက်ရှင်သန်ဖို့ နေထိုင်စားသောက် စရိတ်တွေ ဘာတွေက လိုအပ်နေဦးမယ်။ အဲဒါကြောင့် သူပြန်လာရင် ကြော်ငြာတွေမှာ သူနဲ့တွဲရိုက်တာတို့ ဘာတို့ပေါ့ စသဖြင့် သူ့ဘ၀ ဆက်လက် ရပ်တည်ဖို့ ရန်ပုံငွေရှာပေးဖို့ စဉ်းစားထားတယ်'' ဟု ပါမောက္ခ ဒေါက်တာခင်မောင်ဝင်းက ဆိုသည်။

ကိုဝင်းဇော်ဦး၏ ကျန်းမာရေး စစ်ဆေးမှုများ အတွက် စင်ကာပူသို့ စတင်ရောက်ရှိသည့် နေ့တွင် MRI ရိုက်မည်ဖြစ်ပြီး စင်ကာပူ အထွေထွေရောဂါ အထူးကု ဆေးရုံကြီးမှ ဦးနှောက်နှင့် အာရုံကြော အထူးကု ဆရာဝန်ကြီး Dr.Ang Beng Ti နှင့် တွေ့ဆုံပေးမည်ဖြစ်ပြီး နောက်ပိုင်းတွင် လိုအပ်သည့် ကျန်းမာရေး စစ်ဆေးခွဲစိတ် မှုများကို ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

ကိုဝင်းဇော်ဦးအား စင်ကာပူသို့ မထွက်ခွာမီ မင်္ဂလာဒုံ လေဆိပ်တွင် သြဂုတ် ၁၅ ရက်က တွေ့ရစဉ်

Eleven Media Group

No comments:

Post a Comment