Pages

Monday, August 19, 2013

ပျဉ်းမနားမြို့မှ ရွှေဆိုင်တစ်ဆိုင် ကျပ်သိန်း ၃ဝဝ ကျော်ဖိုး ခိုးယူခံရ


သြဂုတ်လ(၁၉)ရက်

နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့၌ သြဂုတ် ၁၈ ရက် နံနက် ၆ နာရီခန့်က ရွှေဆိုင်တစ်ဆိုင် ဖောက်ထွင်းမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်မှာ ပျဉ်းမနားမြို့ ရွာကောက်ရပ်ကွက် ပန်းခင်း(၁) ပင်မလမ်း အမှတ် (၈/၁၂၇) ''ရွှေစင်ထက်''ရွှေဆိုင်ပိုင်ရှင် ဒေါ်ခင်ထွေး (၄၆ နှစ်)သည် နံနက်ပိုင်း အိပ်ရာမှနိုး၍ နေအိမ်အောက်ထပ် ရွှေဆိုင်ခန်းရှိ အပေါင်ခံရွှေထည် ပစ္စည်းများထည့်သည့် သေတ္တာအတွင်းရှိ ကော်ဘူးမှာ ပျောက်ဆုံးနေသည်ကိုသိရသဖြင့် နေအိမ်အတွင်း လိုက်လံစစ်ဆေးရာ နေအိမ်အပေါ် ထပ်ရှိ တံခါးမကြီးမှာ ပွင့်နေပြီး အနီးရှိ ပြတင်းပေါက် တရုတ်ကပ်မှန် ငါးချပ်မှာ ဖြုတ်ခံထားရကာ ဝရန်တာတွင် မှန်ငါးချပ်နှင့်အတူ အပေါင်ခံ ရွှေထည်များ ထည့်ထားသည့် ကော်ဘူးကို တွေ့ရသည်။

ကော်ဘူးအတွင်း ကြွပ်ကြွပ် အိတ်ဖြင့်ထည့်ထားသော အပေါင်ခံ ရွှေထည်ပစ္စည်းမျိုးစုံ ၃၃၉ မျိုး၊ အလေးချိန် ၄၈ ကျပ် ၄ ပဲသားခန့် ကာလတန်ဖိုး ငွေကျပ် ၃၁၃၆ဝဝဝဝ ခန့်မှာ ပျောက်ဆုံးနေကြောင်း သိရသဖြင့် ဖောက်ထွင်းခိုးယူသူကို စုံစမ်းဖော်ထုတ် အရေးယူပေးပါရန် ဒေါ်ခင်ထွေးက ပျဉ်းမနားမြို့မ ရဲစခန်းသို့ တိုင်တန်းခဲ့ကြောင်း သိရသည်။
အဆိုပါ အမှုအား ပျဉ်းမနားမြို့မ ရဲစခန်းက အမှုဖွင့်အရေးယူထားပြီး ဖောက်ထွင်းသူအား ဖမ်းဆီးရမိရေး စုံစမ်းလျက်ရှိကြောင်း သိရသည်။

ဇော်မျိုးနိုင်
သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း

No comments:

Post a Comment