31.8.2013
နိုင်ငံရေး တက်ကြွလှုပ်ရှား သူများအား အရေးယူနေ ခြင်းများသည်
ယခုနှစ်ကုန်တွင် နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးမည် ဟူသည့်
နိုင်ငံတော် သမ္မတ၏ ပြောကြားမှု ဖြစ်လာရန် မလွယ်ဟု လက်ကျန်နိုင်ငံရေး
အကျဉ်းသားများ စိစစ်ရေး ကော်မတီအဖွဲ့ဝင်၊ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) မှ ဦးဘိုကြည်က ပြောကြားသည်။
သြဂုတ် ၃၀ ရက်က ရန်ကုန်မြို့ရှိ Myanmar Peace Center ၌ ပြုလုပ်ခဲ့သည့်
လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မတီ အစည်းအဝေး အပြီးတွင်
ဦးဘိုကြည်က သတင်းထောက်များအား ယခုကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။
''နိုင်ငံရေး အကျဉ်းသား ရှိခြင်းမရှိခြင်း ဆိုတာက ဒီနိုင်ငံရေး
တက်ကြွလှုပ်ရှားနေတဲ့ သူတွေကို မတရားသဖြင့် ဖမ်းနေတယ်။ ဥပဒေအရ
ခံစားခွင့်လည်း မရဘူး။ နောက် နှိပ်စက် ညှဉ်းပန်းမှုတွေ ရှိနေတယ်ဆိုရင်
နိုင်ငံရေး အကျဉ်းသား မရှိဖို့ဆိုတာ အတော်ကြီး ခက်ခဲတဲ့အပိုင်း
ဖြစ်သွားပြီ။ ဇီးရိုး Level ဖြစ်သွားဖို့ ဆိုတာက မလွယ်နိုင်ပါဘူး'' ဟု
ဦးဘိုကြည်က ပြောကြားသည်။
''နိုင်ငံတော် သမ္မတက နှစ်ကုန်မှာ
နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးမယ်လို့ ပြောကြားမှု အပေါ်မှာလည်း
အများကြီး သက်ရောက်မှုတွေ ရှိနေနိုင်ပါတယ်။ ဘာ့ကြောင့်ဆို ဒီပုဒ်မ ၁၈ ကို
ကျွန်တော်တို့ သတ်မှတ်ထားတာက ပုဒ်မ ၁၈ မှာတောင် အမျိုးမျိုးရှိတယ်။
အငြင်းပွားဖွယ်တွေလည်း အများကြီး ဖြစ်နေပါတယ်။ အစိုးရဘက်က အမြင်တွေနဲ့
ကျွန်တော်တို့ဘက်က အမြင်တွေနဲ့ ကွာဟမှုတွေကို အများကြီး ညှိနှိုင်းရမှာတွေ
ရှိနိုင်ပါတယ်'' ဟု ဦးဘိုကြည်က ပြောကြားသည်။
နိုင်ငံတော်သမ္မတ
ဦးသိန်းစိန်ကလည်း ၎င်း၏ ဥရောပ ခရီးစဉ်အတွင်း ကတိပေး ထားသည့်အတိုင်း
ယခုနှစ်ကုန်တွင် နိုင်ငံရေး အကျဉ်းသား တစ်ဦးတစ်ယောက်မှ မကျန်အောင်
ဆောင်ရွက်သွားမည်ဟု သြဂုတ် ၁ ရက် နံနက်က ပြည်သူလူထုသို့ ပြောကြားသည့်
ရေဒီယိုမိန့်ခွန်းတွင် ပြောကြားထားသည်။
နိုင်ငံတော်သမ္မတ
ဦးသိန်းစိန်၏ ဗြိတိန်နိုင်ငံ ခရီးစဉ်အတွင်း၌ နိုင်ငံရေး အကျဉ်းသားများ
နှစ်မကုန်မီ လွှတ်ပေးမည်ဟု ပြောကြားမှုကိုကြိုဆိုကြောင်းနှင့်တည်ကြည်စွာဖြင့် စောင့်ထိန်းမည်ဟု မျှော်လင့်ကြောင်း နိုင်ငံရေး အကျဉ်းသား
ဟောင်းများက ပြောကြားသည်။
လက်ရှိအချိန်တွင် ပြစ်ဒဏ်ကျခံလျက်
ရှိသည့် နိုင်ငံရေး အကျဉ်းသား ၁၂၂ ယောက်ရှိပြီး ပုဒ်မ ၁၈၊ ပုဒ်မ ၅၀၅
(ခ)တို့ဖြင့် အမှုရင်ဆိုင် နေရသူ ၁၀၀ ၀န်းကျင် ရှိသည်ဟု ဦးဘိုကြည်က
ပြောကြားသည်။
အေးချမ်းမွန် Credit To >Eleven Media Group
No comments:
Post a Comment