Pages

Friday, August 23, 2013

ကြက်ငှက်တုပ်ကွေးဖြစ်ပွားနေမှုကြောင့် တားဖြစ်ထားသော တရုတ်ကြက်ဥများ ဈေးကွက်တွင် တရားမဝင် ဝင်ရောက်ဟုဆို

သြဂုတ်လ(၂၃)ရက်
Photo: ကြက်ငှက်တုပ်ကွေးဖြစ်ပွားနေမှုကြောင့် တားဖြစ်ထားသော
တရုတ်ကြက်ဥများ ဈေးကွက်တွင် တရားမဝင် ဝင်ရောက်ဟုဆို

23.8.2013

တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားနေ မှုများကြောင့် ပြည်တွင်းသို့ ကြက်ဥ တင်ပို့မှု တားမြစ်ထားသော်လည်း တရားမဝင် လမ်းကြောင်းမှ တစ်ဆင့် ပြည်တွင်းသို့ ရက်လွန် ကြက်ဥများ ဝင်ရောက်လျက် ရှိကြောင်း မန္တလေး ကြက်ဥ၊ ကြက်သား မွေးမြူ ထုတ်လုပ် ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဒေါက်တာကျော်ထင် က ပြောကြားသည်။

“အခုအပြင်မှာ ပြောပြောနေကြတဲ့ ကြက်ဥအတု ဆိုတာ မဟုတ်ဘူး။ အမှန်တကယ်က မှောင်ခို လမ်းကြောင်းက လာတာဆိုတော့ လမ်းမှာ ရက်ကြာနေတာနဲ့ ဘာနဲ့ဆိုတော့ ကြက်ဥက မကောင်းတော့တာ။ ကြက်ဥရဲ့ သဘာဝက ရက်ကြာသွားရင် အကာတွေ အနှစ်တွေ ရောသွားတယ်။ အဲဒါကို စားမိတဲ့သူက ကြက်ဥအတု ဆိုပြီး ပြောကြတာ။ ကျွန်တော်တို့အသင်း အနေနဲ့ကတော့ တစ်ခါမှကို မမြင်ဖူးသေးဘူး” ဟု ဒေါက်တာကျော်ထင်က ဆိုသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံဘက်က ကြက်ဥများ တင်သွင်းခွင့်ကို ပိတ်ထားသော်လည်း တရားမဝင် နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းမှ ဝင်ရောက်နေသည်မှာ ၂ နှစ်ခန့် ရှိပြီ ဖြစ်ကြောင်း နေသူရိန် ကြက်စာ၊ ကြက်သားပေါက် လက်လီလက်ကား ရောင်းဝယ်ရေး လုပ်ငန်းမှ ဒေါက်တာ နေသူရိန်က ပြောကြားသည်။

တရုတ်နိုင်ငံမှ ကြက်ဥ၊ ကြက်သားနှင့် အေးခဲ အသားများ ပြည်တွင်းသို့ သွင်းကုန်ကို ပြီးခဲ့သည့်နှစ် ကတည်းက တားမြစ်ထားကြောင်း၊ ယခု လတ်တလောတွင် ကြက်ဥများ ဖမ်းဆီးရမိခြင်း မရှိဘဲ အေးခဲ ကြက်သား၊ ဘဲသားများသာ ဖမ်းဆီးရမိမှု ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးသိန်းဝင်းက ပြောကြားသည်။

“တရုတ်ဘက်က ကြက်ဥတွေ မဝင်ဖို့ အစိုးရက ပြောထားတာပဲ။ အစိုးရကလည်း ဝင်ခွင့် ပိတ်ထား တာပဲ။ ဒါပေမဲ့ နယ်စပ် လုံခြုံရေး အားနည်းမှုကြောင့် ထင်တယ်။ တားလေ ပိုဆိုးလေပဲ။ အခုကြက်ဥ ဈေးတွေကလည်း တက်နေတော့ ဈေးသက်သာတဲ့ တရုတ် ကြက်ဥတွေကို ဝယ်စားမိတော့ ရက်လွန် ကြက်ဥတွေ ဖြစ်နေတယ်။

အဲဒီမှာ ကြက်ဥအတု ဆိုပြီး ပြောကြတာ။ အသင်းအနေနဲ့ကတော့ ဒါတွေ ဆက်ပြီး ဝင်မလာအောင် ဘယ်လိုလုပ်ရင် ကောင်းမလဲဆိုပြီး အမြဲတမ်းတော့ စဉ်းစားနေကြတာပဲ” ဟု ၎င်းက ဆိုသည်။

မန္တလေးဈေးကွက်သို့ တရုတ်နိုင်ငံဘက်မှ တရားမဝင် ကြက်ဥများအပြင် ပြင်ဦးလွင်မြို့ရှိ မွေးမြူရေး ကြက်ခြံမှ နေ့စဉ် ကြက်ဥလုံးရေ ဆယ်သိန်းနှင့် အထက် ဝင်ရောက်လျက် ရှိပြီး မန္တလေးဈေးကွက်မှ တစ်ဆင့် မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် အောက်ပိုင်း ဒေသများသို့ ပြန်လည် ရောင်းချလျက် ရှိကြောင်း ကြက်မွေးမြူရေး လုပ်ငန်းရှင်များထံမှ သိရသည်။

ယခုလက်ရှိ မန္တလေးမြို့တော်ရှိ ကြက်ဥ ဈေးနှုန်းမှာ လက်ကားဈေး တစ်လုံး ၁၁၀ ကျပ် ဖြစ်ပြီး လက်လီဈေးမှာ တစ်လုံး ၁၂၀ ကျပ် ဖြစ်ကြောင်း ယင်းဈေးကွက်အတွင်းထံမှ စုံစမ်း သိရှိရသည်။

The Voice Weekly

No comments:

Post a Comment