ကယားပြည်နယ်မှာ သစ်လုံးကြီးများ ခုတ်ယူခွင့်ကို ၂ဝ၁၄ မတ်လတွင် ပိတ်ပင်မည်
သြဂုတ်လ(၁၃)ရက်
ကယားပြည်နယ်မှာ သစ်တောပြုန်းတီးမှုကို ကာကွယ်နိုင်ဖို့အတွက် လာမယ့် ၂ဝ၁၄
ခုနစ် မတ်လကုန်ပိုင်းကစပြီး အလေးချိန် ၁ တန်နီးပါးရှိတဲ့ သစ်လုံးအကြီးတွေ
ခုတ်ယူခွင့်ကို ပိတ်ပင်တော့မယ်လို့ ကယားပြည်နယ် သစ်တောရေးရာဝန်ကြီးဌာန
တာဝန်ရှိသူတွေက RFA ကို ပြောပါတယ်။
လက်ရှိအချိန်မှာ ကယားပြည်နယ်ကထွက်ရှိတဲ့ သစ်တွေဟာ ပြည်ပနိုင်ငံတွေကို
အဓိကထားတင်ပို့နေတာကြောင့် သစ်တောပြုန်းတီးမှုတွေ ဖြစ်နေတာလို့ ကယားပြည်နယ်
သတ္တုနဲ့ သစ်တောရေးရာဝန်ကြီး ဦးရဲဝင်းက RFA ကိုပြောပါတယ်။
"ပြီးခဲ့တဲ့နှစ်က ကျနော်တို့ ကယားပြည်နယ်မှာ သစ်ထုတ်တဲ့အဖွဲ့တွေက
သူတို့လျာထားချက်က တန် သုံးသောင်းလောက် လျာထားပြီးတော့ခုတ်တယ်၊
ဒီနှစ်ကျတော့ သုံးချိုးတစ်ချိုးလောက်ပဲ ခုတ်ခွင့်ပေးတော့တယ်၊ ၂ဝ၁၄
မတ်လအကုန်၊ ဧပြီ ၁ ရက်နေ့ကနေစပြီးတော့ ဒီသဘာဝပတ်ဝန်းကျင်
ထိန်းသိမ်းနိုင်ဖို့အတွက်ကို သစ်တောမပြုန်းတီးဖို့ သစ်လုံးကြီးတွေကို
ပြင်ပကိုရောင်းချခွင့် မပေးတော့ဘူး"
လက်ရှိအချိန်ထိ ပြည်နယ်အတွင်း
သစ်ထုတ်လုပ်ခွင့်ကိုတော့ ဗဟိုအစိုးရရဲ့ ခွင့်ပြုချက်နဲ့
ဆောင်ရွက်နေကြရတာဖြစ်ပြီး လာမယ့် ၂ဝ၁၄ ခုနစ် ဘတ်ဂျက်နှစ်ကစလို့
ခွင့်ပြုမိန့်တွေကို ပြည်နယ်အစိုးရက လွှဲပြောင်းရယူသွားမယ်လို့ သိရပါတယ်။
ကယားပြည်နယ် ဘောလခဲနဲ့ ဖားဆောင်းမြို့နယ်တွေမှာ သစ်ထုတ်လုပ်ရေးလုပ်ငန်းကို
အဓိကထားလုပ်ကိုင်နေကြပါတယ်။
RFA
No comments:
Post a Comment