Pages

Tuesday, September 24, 2013

ထမံသီ ရေအားလျှပ်စစ် စီမံကိန်းကြောင့် ပြောင်းရွှေ့ခဲ့ရ သူများက အိန္ဒိယနှင့် မြန်မာအစိုးရထံ နစ်နာကြေးများ တောင်းခံမည်


24.9.2013

ဟုမ္မလင်းမြို့နယ် အနောက်ဘက် ချင်းတွင်းမြစ်ပေါ်တွင် တည်ဆောက်ရန် ရည်ရွယ်ခဲ့သည့် ထမံသီ ရေအားလျှပ်စစ် စီမံကိန်းအတွက် ရွှေ့ပြောင်းခံရ သော ကျေးရွာသားများက မြန်မာအစိုးရနှင့် အိန္ဒိယအစိုးရထံ လျော်ကြေးများ တောင်းခံသွားမည် ဖြစ်ကြောင်း သိရသည်။

''၂၀၀၇ ခုနှစ်မှာ ကျွန်တော်တို့ကို ဒီ စီမံကိန်းအတွက် ရွာကနေ ပြောင်းရွှေ့ခိုင်းတယ်။ ကျွန်တော်တို့ မြို့သစ်ကိုလည်း ရောက်ရော သူတို့က နစ်နာကြေး လာပေးပါတယ်။ နစ်နာကြေး ပေးတာကလည်း အိမ်အမျိုးအစား တွေပေါ်ကြည့်ပြီး တချို့အိမ်တွေက ကျပ် ၁၀၀၀၀ ရတယ်။ ကျွန်တော် တို့ကတော့ ကျပ် ၅၀၀၀ ရယ်၊ ဆန်တစ်အိတ်ရယ် ရတယ်။ တကယ်ဆို ကျွန်တော်တို့ရွာမှာ ကျွန်တော်တို့ ပိုင်ဆိုင်မှုက ဒီထက်မကပါဘူး။ ဒါကြောင့် ထိုက်တန်တဲ့ လျော်ကြေးတွေအတွက် အခုလို တောင်းခံသွားမှာ ဖြစ်ပါတယ်'' ဟု ပြောင်းရွှေ့ခံရသည့် တဇုံးကျေးရွာမှ ဦးအောင်ထိန်လင်းက ဆိုသည်။

ထမံသီ ရေအားလျှပ်စစ် စီမံကိန်းအတွက် ဟုမ္မလင်းမြို့နယ် လေဝေယံကျေးရွာနှင့် တဇုံးကျေးရွာတို့မှ အိမ်ခြေပေါင်း ၄၀၀ နီးပါးအား ရွာနှင့်မိုင် ၄၀ အကွာရှိ ရွှေပြည်အေးမြို့သစ်သို့ ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်သည်။
ကူကီးအမျိုးသမီး များဆိုင်ရာ လူ့အခွင့်အရေး အစည်းအရုံးမှ ဒေါ်ငိုင်ငိုင်းက ''ကျွန်မတို့ကို ဒီရွာသားတွေက သူတို့ရဲ့ အခက်အခဲ တွေကိုလာပြီး ပြောပြတယ်။ သူတို့အနေနဲ့ နစ်နာဆုံးရှုံး ခံရမှုတွေလည်း များပါတယ်။ ၂၀၁၃ ခုနှစ် ဇွန်လမှာ ဒီစီမံကိန်းကြီး ရပ်လိုက်တယ် ဆိုပေမယ့် ရွာသားတွေမှာ လျော်ကြေး အလုံအလောက် မရရှိတဲ့ အတွက် အခုအခက်အခဲတွေ အများကြီး ဖြစ်နေပါသေးတယ်' ဟု ပြောကြားခဲ့သည်။

အဆိုပါ နစ်နာကြေးအား တောင်းခံရာတွင် ကူကီး အမျိုးသမီးများဆိုင်ရာ လူ့အခွင့်အရေး အစည်းအရုံးမှ နေပြည်တော်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှတစ်ဆင့် ပြည်ထောင်စု လွှတ်တော်သို့ တင်ပြသွားမည်ဖြစ်ပြီး အိန္ဒိယ အစိုးရအား ရန်ကုန်မြို့ရှိ အိန္ဒိယ သံရုံးမှတစ်ဆင့် တောင်းခံ သွားမည်ဟု သိရသည်။ ထို့ပြင် ပြောင်းရွှေ့ခံ မိသားစုများ၏ လက်မှတ် ၁၉၂ ခုအား ရန်ကုန်မြို့ရှိ အိန္ဒိယသံရုံးနှင့် အမှတ်(၁) လျှပ်စစ်ဝန်ကြီး ဌာနသို့ ပေးပို့ကာ နစ်နာကြေးများ တောင်းဆိုထားကြောင်း သိရသည်။

ထမံသီ ရေအားလျှပ်စစ် စီမံကိန်းအား မြန်မာအစိုးရနှင့် အိန္ဒိယ အစိုးရတို့သည် ၂၀၀၄ ခုနှစ်တွင် သဘောတူလက်မှတ် ရေးထိုးကာ ၂၀၀၇ ခုနှစ် မတ်လတွင် စီမံကိန်း စတင်ခဲ့ပြီး ၂၀၁၃ ခုနှစ် ဇွန်လတွင် အိန္ဒိယ အစိုးရဘက်မှ အိန္ဒိယနိုင်ငံ ပြည်သူများမှ ဆန္ဒပြမှုများကြောင့် လုပ်ငန်းအား ပြန်လည် ရပ်တန့်ခဲ့ခြင်း ဖြစ်သည်။

Eleven

No comments:

Post a Comment