Pages
▼
Monday, September 30, 2013
မြေယာအသုံးချမှု မူဝါဒမူကြမ်း ကုလအကူအညီဖြင့် ခုနစ်လအတွင်း အပြီးရေးဆွဲမည်
30.9.2013
မြေယာအသုံးချမှု မူဝါဒမူကြမ်းကို လာမည့် ခုနစ်လအတွင်း ကုလသမဂ္ဂ၏ အကူအညီဖြင့် အပြီးရေးဆွဲမည် ဖြစ်ကြောင်း နေပြည်တော် တွင် ပြုလုပ်သည့် မြေအသုံးချမှု စီမံခန့်ခွဲမှုဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းထွန်းက ပြောကြားသည်။
နိုင်ငံတစ်ဝန်းတွင် လတ်တလော ဖြစ်ပေါ်နေသော မြေယာ ပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွားမှုများ လျော့နည်းစေရန်နှင့် အနာဂတ်တွင် ယင်းကဲ့သို့ အငြင်းပွားမှုများ ဖြစ်ပေါ်မှု မရှိစေရန် မြေယာ အသုံးချမှုမူဝါဒ ရေးဆွဲရခြင်း ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။
မြေအသုံးချမှု မူဝါဒမူကြမ်းကို ပထမအဆင့် မူကြမ်း၊ ဒုတိယအဆင့် မူကြမ်းနှင့် တတိယအဆင့် မူကြမ်းဟူ၍ အဆင့်သုံးဆင့်ခွဲ ရေးဆွဲလျက်ရှိပြီး မူကြမ်းအားလုံး ရေးဆွဲမှုကို ၂၀၁၄ ခုနှစ် ဧပြီလတွင် အပြီးသတ်မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
“အခုရေးဆွဲနေတာ ပထမမူကြမ်းအဆင့် ပြီးခါနီးပါပြီ။ မြေယာ အသုံးချမှု မူဝါဒ ရေးဆွဲပြဋ္ဌာန်းပြီးရင် မြေယာအသုံးချမှု စီမံချက်ကိုလည်း ဆက်လက်ရေးဆွဲပါမယ်” ဟု အဆိုပါ ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
အဆိုပါ မြေအသုံးချမှု မူဝါဒတွင် မြေယာ စီမံခန့်ခွဲမှုဆိုင်ရာများ၊ မြို့ပြ မြေယာ စီမံခန့်ခွဲမှုများ၊ သစ်တောမြေ စီမံခန့်ခွဲမှုများလည်း ပါဝင်သည်ဟု လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအုန်းသန်းက ဆိုသည်။
လတ်တလော ဖြစ်ပေါ်နေသော မြေယာပိုင်ဆိုင်မှု အငြင်းပွားမှုများသည် ခိုင်မာအားကောင်းသည့် မြေယာဆိုင်ရာ မူဝါဒ မရှိခြင်း၏ အကျိုးဆက်ဖြစ်ပြီး ဥပဒေဖြင့် ထိန်းကွပ်နိုင်ပါက ယင်းကဲ့သို့ ပြဿနာများ လျော့နည်း သွားနိုင်ကြောင်း လယ်သမားအရေး လိုက်ပါဆောင်ရွက်သူ ဦးဇော်ရန်းက ပြောကြားသည်။
“ဥပဒေမဲ့ ဖြစ်နေတာတွေကို ဥပဒေနဲ့ ထိန်းမှပဲရမယ်” ဟု ၎င်းကဆိုသည်။
ကျေးလက်ဒေသများရှိ မြေယာ သိမ်းဆည်းမှုများတွင် ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနမှ တာဝန်ရှိသူ အချို့သည်လည်း ပါဝင်ပတ်သက်လျက် ရှိကြောင်း လယ်သမားအရေး လှုပ်ရှားဆောင်ရွက်သည့် အဖွဲ့အစည်းများထံမှ သိရသည်။
မြေယာမူဝါဒ ချမှတ်ရာတွင် မြေယာပိုင်ဆိုင် လုပ်ပိုင်ခွင့်နှင့် တန်းတူညီမျှစွာ မြေယာခွဲဝေ ချထားရေးသည် စိုက်ပျိုးရေးကို မှီခိုနေရသော ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စီးပွားရေး ဖွံ့ဖြိုးမှု၊ ဆင်းရဲနွမ်းပါးမှု လျော့ချရေးနှင့် စားနပ်ရိက္ခာ ဖူလုံရေးတို့ အပေါ်တွင် များစွာသက်ရောက်မှု ရှိသည်ဟု စားနပ်ရိက္ခာ ပူးပေါင်း ဆောင်ရွက်မှုအဖွဲ့၊ မြေယာအရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့၏ မူဝါဒရေးရာ စာတမ်းတွင် ဖော်ပြထားသည်။
The Voice Weekly
No comments:
Post a Comment