Pages

Tuesday, September 24, 2013

ကုန်သွယ်ခွင့် မပြုသည့် နိုင်ငံစာရင်းကို ပြင်ဆင်ထုတ်ပြန်ခဲ့ပြီး ယခင်က ကုန်သွယ်ခွင့် မပြုသည့် နိုင်ငံစာရင်းတွင် မြောက်ကိုရီးယားနှင့် ထိုင်ဝမ်တို့ပါဝင်

               (ပင်လယ်ရေကြောင်း ကုန်သွယ်မှု ပြုလုပ်သည့် သီလ၀ါ ဆိပ်ကမ်းကို တွေ့ရစဉ်)

24.9.2013

ယခင်ထုတ်ပြန်ခဲ့သည့် ကုန်သွယ်ခွင့် မပြုသည့် နိုင်ငံစာရင်းကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနက စက်တင်ဘာလ အတွင်းက ပြင်ဆင်ထုတ်ပြန်ခဲ့ကြောင်း အဆိုပါ ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ ယခင်ထုတ်ပြန်ခဲ့သည့် ကုန်သွယ်ခွင့် မပြုသည့် နိုင်ငံစာရင်းတွင် မြောက်ကိုရီးယားနှင့် ထိုင်ဝမ်တို့ ပါဝင်ကြောင်း သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန (ယခင်ကုန်သွယ်ရေး ၀န်ကြီးဌာန) သည် ထုတ်ကုန်သွင်းကုန် လုပ်ငန်းများနှင့် ပတ်သက်ပြီး လိုက်နာသိရှိရန် အချက်များကို ၁၉၈၉ ခုနှစ်က ထုတ်ပြန်ခဲ့ရာတွင် ကုန်သွယ်ခွင့် မပြုသည့် နိုင်ငံများကို ထည့်သွင်းထုတ်ပြန်ခဲ့သည်။

၁၉၈၉ ခုနှစ်က ထုတ်ပြန်ခဲ့သည့် ကုန်သွယ်ခွင့် မပြုသည့် နိုင်ငံများနှင့် ပတ်သက်ပြီး 'ကုလသမဂ္ဂအဖွဲ့ ဆုံးဖြတ်ချက်ဖြင့် ပိတ်ပင်တားမြစ်ထားသည့် တောင်အာဖရိကနိုင်ငံ၊ မြန်မာနိုင်ငံနှင့် သံတမန် အဆက်အသွယ် ဖြတ်ထားသည့် ကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ (မြောက်ကိုရီးယား)နှင့် ထိုင်ဝမ်၊ ယင်းနိုင်ငံများရှိ ကုမ္ပဏီ၊ ကော်ပိုရေးရှင်း၊ အဖွဲ့အစည်း၊ ပုဂ္ဂလိကများအား ကုန်ပစ္စည်း ရောင်းချတင်ပို့ခွင့် မရှိပါ' ဟု ဖော်ပြထားကြောင်း သိရသည်။

ယခုအခါ ကုန်သွယ်ခွင့် မပြုသည့် နိုင်ငံများ စာရင်းကို 'ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့၏ ဆုံးဖြတ်ချက်နှင့် ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့၏ သဘောတူညီ ချက်နှင့်အညီ ကုန်သွယ်မှု ပြုလုပ်သွားရမည်' ဟု ပြင်ဆင်သတ်မှတ် လိုက်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနက ပြင်ဆင်ထုတ်ပြန် ခဲ့ကြောင်း သိရသည်။ ကုန်သွယ်ခွင့် မပြုသည့် နိုင်ငံများ စာရင်းကိုမူ နိုင်ငံအလိုက် အတိအကျ ထုတ်ပြန်ခြင်း မရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်ရေး မူဝါဒသည် နိုင်ငံစုံ ကုန်သွယ်ရေး စနစ်ကို အခြေခံသော ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့၏ စည်းမျဉ်းများအတိုင်း ကျင့်သုံးဆောင်ရွက် လျက်ရှိပြီး အာဆီယံ၊ ဘင်းမ်စတက်၊ ဂျီအမ်အက်စ် အစရှိသည့် ဒေသတွင်း ကုန်သွယ်ရေး အုပ်စုများတွင်လည်း အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံ ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ အဓိက ကုန်သွယ်ဘက် နိုင်ငံအချို့မှာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ကိုရီးယား သမ္မတနိုင်ငံ၊ ဂျပန်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်းနိုင်ငံတို့ဖြစ်ပြီး တရုတ်နှင့် ကုန်သွယ်မှု ပမာဏမှာ အများဆုံး ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ အဓိကပြည်ပို့ကုန် အမျိုးအစားများမှာ သဘာဝဓာတ်ငွေ့၊ ကျောက်စိမ်း၊ အထည်ချုပ်၊ မတ်ပဲ၊ ဆန်၊ ငါး၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ရာဘာစိမ်းနှင့် ကျွန်းသစ်လုံး တို့ဖြစ်ပြီး အဓိက သွင်းကုန် အမျိုးအစားများမှာ ရေနံထွက် ပစ္စည်းများ၊ မော်တော်ယာဉ်နှင့် မော်တော်ယာဉ် ပစ္စည်းများ၊ သံနှင့် သံမဏိ ဆောက်လုပ်ရေး ပစ္စည်းများ၊ စက်နှင့် စက်ပစ္စည်းများ၊ စားအုန်းဆီ၊ ဆေးဝါးပစ္စည်းများ၊ ပလတ်စတစ် ကုန်ကြမ်း ပစ္စည်းများ၊ ဓာတ်မြေသြဇာ၊ ဘိလပ်မြေနှင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးနှင့် တပ်ဆင်ရေး ပစ္စည်းများ ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ကုန်သွယ်မှု ပမာဏကို ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် စုစုပေါင်း ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ သန်းပေါင်း ၂၅၅၅၉ ဒသမ ၈၄ ရရှိရန် လျာထားကြောင်း သိရသည်။

Eleven

No comments:

Post a Comment