Pages

Sunday, September 8, 2013

မူးယစ်သုံးစွဲမှုများပြားလာသောကြောင့် ပြည်ထဲရေးဝန်ကြီးဌာနအထိ စာတင်ထား


8.9.2013

ရှမ်းပြည်နယ် သီပေါမြို့နယ်အတွင်း မူးယစ်ဆေးဝါး အဓိက ရောင်းဝယ်မှုများကို သီပေါမြို့ ဇာတ်စုရပ်ကွက် အ.ထ.က (၂) အနောက်လမ်းပိုင်းတွင် ဖြစ်နေပြီး ယခုအခါ ပြည်ထဲရေး ဝန်ကြီးဌာနအထိ စာတင်ထားရပြီဟု သီပေါမြို့ ရပ်မိ/ရပ်ဖများက ပြောကြသည်။
“ရောင်းနေတာကြာပြီ လူတွေလည်းသုံးနေကြတယ်။ ဘယ်ကလာလို့ လာမှန်းမသိဘူး အရှေ့မှာက ကျောင်းရှိနေတယ်။ တခါတလေ နေ့ခင်းကြီး ဆိုင်ကယ်ပေါ်မှာ ထိုင်ပြီးတော့ ထိုးနေကြတာ ကိုယ်လည်းမြင်နေတယ်”ဟု ဇာတ်စုရပ်ကွက်မှ ဒေသခံတစ်ဦးကပြောသည်။
ရောင်းဝယ်မှုပြုလုပ်ရာတွင် နံနက် (၈)နာရီနှင့် (၉)နာရီအကြား ညနေ (၅)နာရီနောက်ပိုင်း အချိန်များမှာ အဓိက အရောင်းအ၀ယ်ပြုကြကြောင်း ဒေသခံများက ပြောသည်။ ထိုသို့ရောင်းဝယ် သုံးစွဲနေမှုအတွက် သက်ဆိုင်ရာမှ ဖမ်းဆီးဆောင်ရွက် နေသော်လည်း သုံးစွဲမှုရောင်းဝယ်မှုမှာ လျော့ကျသွားခြင်း မရှိကြောင်း သိရှိရသည်။
“ဖမ်းတဲ့အချိန်မှာလည်း သုံးတဲ့လူတွေကိုပဲ အဓိကထားမိတာ များတယ်။ ရောင်းတဲ့သူက သိပ်မမိဘူး။ ကလေးတွေအတွက် အတုယူမှားမှာလည်း စိုးတယ်။ ဒေသခံတွေ အနေနဲ့လည်း စောင့်ကြည့်ပြီး ဆောင်ရွက်နေပါတယ်”ဟု သီပေါမြို့ လူမှုရေးအသင်းအဖွဲ့မှ လူငယ်တာဝန်ခံတစ်ဦးက ပြောသည်။
အဆိုပါကိစ္စ အတွက် ထိရောက်စွာဆောင်ရွက်ပေးနိုင်ရန် သီပေါမြို့ ရပ်မိ/ရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့မှ လူငယ်များ ဒေသခံ (၂)ဦးတို့မှ စုပေါင်းကာ ပြည်ထဲရေးဝန်ကြီးဌာနသို့ စာတင်ထားကြောင်း သိရှိရသည်။
သီပေါမြို့နယ် ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာတွင် မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးအတွက် ကြီးကြပ်မှု ကော်မတီနှင့် လစဉ် စည်းဝေးတိုင်ပင်ကာ စာသင်ကျောင်းများ ရပ်ကွက်များတွင် တစ်လတစ်ကြိမ် ပညာပေးဟောပြောပွဲများ ပြုလုပ်လျက်ရှိပါကြောင်း၊ ရောင်းဝယ်မှု သုံးစွဲမှု ကျော်ဇောမှုတို့အတွက် သတင်းရရှိပါက ဖမ်းဆီးအရေးယူမှုများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုလအထိ မူးယစ်ဆေးဝါးနှင့် ပါတ်သက်ပြီး ဖမ်းဆီးမှုပေါင်း (၄၈)မှု ရှိသွားပြီဖြစ်ပါကြောင်း၊ မူးယစ်ဆေးဝါးမှု အဓိက၀င်ရောက်ရာ လမ်းကြောင်းဖြစ်သော ကွန်နန်၊ ပန်ညု၊ မိုင်းနင်း စသည့် လမ်းကြောများတွင် စောင့်ဆိုင်းကာ ဖမ်းဆီးမှုများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျော်ဇောမှုအတွက် ဖမ်းဆီးရာတွင် ဒေသဥက္ကဋ္ဌ၏ ထောက်ခံချက် မရလျှင် ဖမ်းဆီး၍ မရပါကြောင်း၊ ဥပဒေဘောင်အရ ဆေးစွဲသူအား ပစ္စည်းနှင့်တကွ ဖမ်းဆီးမမိလျှင် ဆေးစစ်မှု ပြုလုပ်ရပြီး ဆေးမပေါ်ပါက တရားစွဲဆို၍ မရနိုင်ပါကြောင်း သီပေါမြို့ စခန်းမှူးမှ ပြောကြားသည်။

စိုင်းကံသာ (လားရှိုး)

No comments:

Post a Comment