Pages

Monday, September 16, 2013

နမ္မတီးမြို့မှကားတိုက်မှု စစ်ဘက်ဆိုင်ရာ ဥပဒေဖြင့် အရေးယူမည်

16.09.2013

ကချင်ပြည်နယ်၊ နမ္မတီးမြို့သကြားစက်အနီးတွင် စက်တင်ဘာလ ၂ရက်နေ့က ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပြီး မြေးအဖွားနှစ်ဦးသေဆုံးခဲ့ရာတွင်ထွက်ပြေးလွတ်မြောက်နေသော ယာဉ်မောင်းကို နမ္မတီးရဲတပ်ဖွဲ့နှင့်ပြည်သူတို့ပူးပေါင်းဆောင်ရွက်မှုကြောင့် ဖမ်းဆီးရမိခဲ့ရာ စစ်ဖက်ဆိုင်ရာ ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

နမ္မတီးမြို့ စကခ(၃) တပ်ရင်းမှ တပ်ကြပ်ကြီးမြင့်စိုး မောင်းနှင်လာသော ကားသည် ကားရှေ့မီး မပါဘဲ ဓာတ်မီးထိုး မောင်းနှင်ခဲ့ရာ ရွှေလီရပ်ကွက်ရှိ နမ္မတီး သကြားစက်အနီးတွင် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပြီး မြေးအဖွားနှစ်ဦးသေဆုံးခဲ့ခြင်း ဖြစ်ကြောင်း မှုခင်းမှတ်တမ်းများအရ သိရသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ စက်တင်ဘာလ ၄ရက်နေ့တွင် စကခ(၃) တပ်မှ ဒုဗိုလ်မှူးကြီးကျော်သူ၊ ဗိုလ်မှူးကျော်နိုင်စိုး၊ ဗိုလ်ကြီးစန်းမြင့်ဦး တို့မှ ကာယကံရှင် မိသားစုဖြစ်သော ကျန်ရစ်သူ ဒေါ်ဘောက်ဂျာအား (သေဆုံးသူနှစ်ဦးမှ မခွန်ဂျာ၏ အမေဖြစ်ပြီး ဒေါ်အင်ထမ်နာ၏သမီးဖြစ်သူ) နမ္မတီးရဲစခန်းသို့ ဖိတ်ခေါ်ကာ ငွေကျပ်(၅)သိန်း၊ ဆန်(၂)ပိုင်း၊ ဆီ(၄)ပိဿာ ထောက်ပံ့ ခဲ့ကြောင်းနှင့် ထောက်ပံ့ပစ္စည်း ရရှိကြောင်းကို နမ္မတီးအုပ်ချူပ်ရေးမှူး ဦးမိုးကျော်ဦး၊ စီးပြင်ရန်ရွာ အုပ်ချူပ်ရေးမှူး ဦးလှသောင်းတို့ ရှေ့တွင် လက်မှတ်ရေးထိုးပြီး ယူစေခဲ့သည်ဟု မိသားစုနှင့် နီးစပ်သူများက မြန်မာ့ခေတ်သို့ ပြောကြားခဲ့သည်။

ယင်းအမှုကိစ္စအား ကချင်ပြည်နယ် NDF မှ အတွင်းရေးမှူးဦးမြတ်မိုးမြင့်က ပွင့်လင်းမြင်သာအောင် အရေးယူရန် လိုအပ်သည် ဟု ပြောကြားသည်။
နမ္မတီးရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ ဖြေကြားခွင့် မရှိကြောင်းပြောကြားခဲ့သည်။ အမည် မဖော်လိုသူ ရဲအရာရှိတစ်ဦးက စစ်ဘက်ဆိုင်ရာ ဥပဒေအရ အရေးယူရန် လွှဲပြောင်းပေးထား ကြောင်း ဆိုသည်။

မြန်မာ့ခေတ်

No comments:

Post a Comment