Pages

Saturday, September 28, 2013

မော်လမြိုင်မြို့လယ်ရှိ ချမ်းသာခေတ်မီ ကလေးကစားကွင်းမှ လောင်းကစားဂိမ်းစက်များ ဖမ်းဆီး


                         (ချမ်းသာ ခေတ်မီကစားကွင်းအတွင်း ၀င်ရောက်ဖမ်းဆီးမှု ပြုလုပ်နေစဉ်) 
28.9.2013

၂၆ စက်တင်ဘာ ၂၅ ရက် ညနေ ၅ နာရီ က မွန်ပြည်နယ် ရဲတပ်ဖွဲ့၊ ခရိုင်ရဲတပ်ဖွဲ့၊ မြို့နယ် ရဲတပ်ဖွဲ့ဝင်များနှင့် မော်လမြိုင်မြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ အင်အား ၂၀ ကျော် ဖြင့် မော်လမြိုင်မြို့ စစ်ကဲကုန်း ရပ်ကွက် မြို့မတံတားလမ်းရှိ ချမ်းသာခေတ်မီကလေး ကစားကွင်းအား ၀င်ရောက်ရှာဖွေရာ ကလေးငယ်များ ကစားသော ခေတ်မီကစားစရာ ပစ္စည်းများနှင့်အတူ ငွေကြေးဖြင့် လောင်းကစား ပြုလုပ်သော ဂိမ်းစက်များတွေ့ရှိသဖြင့် အရေးယူ ဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။

''ညနေ ၅ နာရီလောက် ရှိမယ်ထင်တယ်။ ရဲကားတွေရောက်လာပြီး အရှေ့အနောက် ၀င်ပေါက်၊ ထွက်ပေါက် တွေ ပိတ်ပြီးတော့ဖမ်းတယ်။ ကစားတဲ့ စက်တွေထားတဲ့ အနောက်မှာက ဘီယာဆိုင်ရှိတော့ အဲဒီမှာ ဘီယာသောက်တဲ့လူတွေလဲ ပိတ်မိနေတယ်။ နောက်မှ စစ်ဆေးပြီး ပြန်လွှတ်လိုက် တာတွေ့ရတယ်။ လောလောဆယ် ဂိမ်းစက်တွေမှာ ကစားနေတဲ့လူတွေကို ထိန်းသိမ်းထားတယ်''ဟု ဖြစ်စဉ်အား မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောကြားသည်။

''ဒီမှာ ဂိမ်းစက်တွေထားတာ သုံးလေးလလောက်ပဲ ရှိမယ်ထင်တယ်။ အနိုင်အရှုံးကတော့ သိန်းဆယ်ဂဏန်းနဲ့ ရှိတယ်လို့ ကြားပါတယ်။ ငါးပစ်စက်၊ အန်စာတုံး အနည်းအများ ကစားတဲ့စက်တွေ၊ ၊ အကြွေစေ့ ထည့်ကစားရတဲ့ ပန်းသီးဂိမ်းစက်တွေ၊ ဂေါ်လီဆွဲတဲ့ ဂိမ်းတွေအများကြီးပဲရှိပါတယ်။ လူငယ်တွေ လာကစားတာ များတယ်။ဒီလိုဖြစ်တော့ အားလုံးမကောင်းဘူးပေါ့။ ဘ၀ပျက်တဲ့ လူတွေတောင် ရှိတယ်လို့ကြားတယ်''ဟု မော်လမြိုင် မြို့ခံတစ်ဦးက ပြောကြားခဲ့သည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး ဆိုင်မန်နေဂျာဖြစ်သူ ဦးမြင့်သန်းအပါအ၀င် လောင်းကစားပြုလုပ်သူ ၂၃ ဦးအား ဖမ်းဆီးရမိပြီး ထိုညမှာပင် အာမခံဖြင့် ပြန်လွှတ်လိုက်ကြောင်း၊ ဂိမ်းစက်မျိုးစုံ ၁၆ လုံးနှင့် အကြွေစေ့များ၊ ငွေသား ကျပ် ၁၈၂၇၀၀ သိမ်းဆည်းရမိကြောင်းနှင့် အဆိုပါဖြစ်စဉ်အား (ပ)။ ၁၀၅။ ၂၀၁၃ လောင်းကစားဥပဒေ ပုဒ်မ၁၃ (က)။၁၄(က)ဖြင့် အရေးယူ ဆောင်ရွက်ထားကြောင်း မော်လမြိုင်မြို့မရဲစခန်းမှ စုံစမ်းသိရသည်။


Eleven Media Group 


No comments:

Post a Comment