Pages

Wednesday, September 18, 2013

ဟင်္သာတမြို့မိမြို့ဖများ၊ အထောက်အကူပြု အဖွဲ့များနှင့် ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့ တွေ့ဆုံကာ အစိုးရနှင့် လွှတ်တော်ဆက်ဆံရေး ရှင်းလင်း


ဟင်္သာတ မြို့မိမြို့ဖများ၊ အထောက်အကူပြု အဖွဲ့များနှင့် ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့တို့ စက်တင်ဘာ ၁၄ ရက်က တွေ့ဆုံရာတွင် အစိုးရနှင့် လွှတ်တော်ဆက်ဆံရေး ထည့်သွင်းရှင်းလင်းခဲ့ပြီး ပြီးခဲ့သည့်လ ၃၀ အတွင်း အစိုးရနှင့်လွှတ်တော် သူဘာလုပ်သည်ကို ကိုယ်မသိ၊ ကိုယ်ဘာလုပ်သည်ကို သူမသိဖြစ်ခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ သဘာဝပတ် ၀န်းကျင်၊ သစ်တောရေးရာနှင့် သတ္တုတွင်းဝန်ကြီး ဦးစိုးမြင့်က ပြောကြား သည်။

"အစိုးရနဲ့ အထောက်အကူပြု အဖွဲ့တွေ ပူးပေါင်းဆောင်ရွက်တာ အားလုံးကို လွှတ်တော်က သိပါတယ်။ ဒီလိုတွဲပြီး ဆောင်ရွက်တဲ့အတွက် သူဘာလုပ်လဲ ဆိုတာ ကိုယ်သိသလို၊ ကိုယ်ဘာလုပ်လဲ ဆိုတာကိုလည်း သူသိပါတယ်။ ပြီးခဲ့တဲ့လ ၃၀ အတွင်းမှာ သူဘာလုပ်လဲဆိုတာ ကိုယ်မသိ၊ ကိုယ်ဘာလုပ် လဲဆိုတာ သူမသိ ဖြစ်ခဲ့တယ်။ ဒါတွေကို ပြန်လည်ပြင်ဆင်တဲ့ အနေနဲ့ ကျန်တဲ့လ ၃၀ အတွင်း တစ်ယောက်နဲ့တစ်ယောက် အချိတ်အဆက်နဲ့ ဆောင်ရွက်မယ်ဆိုတဲ့ အခြေခံ သဘောတရားလေး ထားတယ်" ဟု ၀န်ကြီးဦးစိုးမြင့်က ပြောကြားသည်။

ဝန်ကြီးက လပေါင်း ၃၀ အတွင်း ကျန်ရှိနေသည့် ၂၉ လတွင် ဒေသဖွံ့ဖြိုးရေး အတွက် မိသားစုစိတ်ဓာတ်နှင့် ညီညီညွတ်ညွတ်ဖြင့် ၀ိုင်းတွန်းလျှင် ရွေ့မည့်အနေအထား ရှိကြောင်း၊ သို့သော်အချင်းအချင်း အပြန်အလှန် ယုံကြည်မှုရှိရန်နှင့် ပြည်သူများနှင့် ပိုမိုထိတွေ့ပြီး စိတ်ရှည်၊ သည်းခံကာ မိမိတို့ထားရှိသော စေတနာကို မညစ်နွမ်းအောင် ကြိုးစားကြရန် လိုအပ်ကြောင်းဟု ပြောကြားသည်။

မိမိတို့ လုပ်သလောက် အရာမထင်အောင် ဖျက်ဆီးမည်မှာ မိမိပါးစပ်သာ ဖစ်ကြောင်း၊ မျက်စိဖြင့် များများကြည့်၊ နားဖြင့် များများနားထောင်ရန် လိုအပ်သော်လည်း ပါးစပ်ဖြင့် အတတ်နိုင်ဆုံး တစ်ဝက်ပဲပြောရန် လိုအပ်ကြောင်း၊ သဘာဝဘေးအန္တရာယ် အချိန်မရွေး ဖြစ်ပေါ်လာနိုင်သော တိုင်းဒေသကြီးတွင် နေထိုင်သူများ ဖြစ်သည့်အတွက် အခြားတိုင်း ဒေသကြီး များထက် ပိုမိုစိတ်ရှည်၊ သည်းခံကာ ပူးပေါင်းဆောင်ရွက်ကြရန်၊ ရှားခဲဒေသတွင် တည်ငြိမ်အေးချမ်းမှု မရှိခဲ့ခြင်းကြောင့် ပညာရေး အောင်ချက် ရာနှုန်း ကျဆင်းသွားသည်ကို သာဓကယူ၍ တည်ငြိမ်အေး ချမ်းမှုကို ထိန်းသိမ်းကြရန် လိုအပ်ကြောင်းကိုလည်း ၎င်းကပြောကြားသည်။

ငြိမ်းချမ်းရေးနှင့် ပတ်သက်၍လည်း "ကျွန်တော့်အသက် ၆၉ နှစ်ရှိပြီ။ မြန်မာ နိုင်ငံမှာ တစ်နေ့မှ သေနတ်သံ မကြားရတဲ့နေ့ မရှိဘူး။ ငြိမ်းချမ်းရေးက တစ်ဖက်၊ တိုက်နေတာကတစ်ဖက် ဖြစ်နေတယ်" ဟု ၀န်ကြီးက ပြောကြား သည်။

Eleven

No comments:

Post a Comment