Pages

Monday, September 16, 2013

သန်းခေါင်စာရင်း ကောက်ရာတွင် ရရှိသည့် ကိုယ်ရေး အချက်အလက် များကို လျှို့ဝှက်ထားမည်

ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ခံရာ တွင် ပြည်သူများက ပြောဆိုသည့် ကိုယ်ရေး အချက်အလက်များကို ဥပဒေအရ အကာအကွယ်ပေးကာ လျှို့ဝှက်ထားမည် ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားသည်။

အဆိုပါ ကိုယ်ရေး အချက်အလက်များကို ထုတ်ပြန်မည် မဟုတ်သည့်အပြင် မည်သည့် အဖွဲ့အစည်းကို ပေးသွားမည် မဟုတ်ကြောင်း၊ ရာဇဝတ် အကြောင်းနှင့်လည်း အရေးယူမည် မဟုတ်သဖြင့် သန်းခေါင်စာရင်း ကောက်ယူရာတွင် အချက်အလက် အမှန်များကို ပေးစေလိုကြောင်း ၎င်းကဆိုသည်။

“ရဲက တောင်းရင်းလည်း မပေးဘူး” ဟု ဦးခင်ရီက ထပ်မံပြောဆိုသည်။

သန်းခေါင်စာရင်း ကောက်ခံခြင်းသည် အပြစ်ပေး အရေးယူရန် မဟုတ်ဘဲ လူတစ်ဦး၊ မိသားစုတစ်ခု၏ ပျမ်းမျှဝင်ငွေ၊ စာတတ်မြောက်မှုနှုန်း၊ ဘာသာစကား တတ်မြောက်မှုစသည့် အခြေခံလူမှု စီးပွားရေး အချက်အလက်များကို ကောက်ယူခြင်း ဖြစ်ကြောင်း၊ နိုင်ငံတော်အနေနှင့် ဆုံးဖြတ်များ ချမှတ်ရာတွင် မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်ရန် ပြည်သူလူထုက အချက်အလက် အမှန်များ ပေးသင့်ကြောင်း နိုင်ငံရေး ဆောင်းပါးရှင် ဦးနေသန်မောင်က ပြောကြားသည်။

“အခွန်ရှောင်တဲ့ ကိစ္စကို အရေးယူဖို့ မဟုတ်ဘူး။ အခြေခံ လူမှုစီပွားရေး အချက်ကို လိုချင်လို့ သန်းခေါင်စာရင်း ကောက်ကြတာ။ နိုင်ငံတကာမှာ လည်း ဒီလိုပဲ” ဟု ၎င်းကဆိုသည်။

သန်းခေါင်စာရင်း ကောက်ရာတွင် သိရှိရသည့် အချက်အလက်များကို တစ်ဦးတစ်ယောက်၏ ကိုယ်ရေး အကြောင်းအရာများကို ထုတ်ဖော်ခြင်း မပြုရဟု တားမြစ်ထားပြီး ယင်းတားမြစ်ချက်ကို ဖောက်ဖျက် ကျူးလွန်ပါက ပြစ်မှုကျုးလွန်သူကို တစ်လထက် မပိုသော ထောင်ဒဏ်၊ ကျပ်ငါးသောင်းထက် မပိုသော ငွေဒဏ်၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ဥပဒေတွင် ဖော်ပြထားသည်။

“လူဝင်မှုကြီးကြပ်ရေးက သိသင့်သိထိုက်တဲ့ အချက်တွေကို မေးတယ်။ အဲဒါတွေကို လျှို့ဝှက်ပေးတယ်ဆိုရင် လက်ခံတယ်။ သိသင့်သိထိုက်တဲ့ အချက်တွေထက် ကျော်ပြီး မေးရင်တော့ လက်မခံဘူး” ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့ အစည်းမှ ဦးဂျင်မီက ဆိုသည်။

မြန်မာနိုင်ငံတွင် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို ၂၀၁၄ ခုနှစ် မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့ထိ ကောက်ယူသွားမည် ဖြစ်သည်။ ယင်း ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ခံမှုသည် ၁၉၈၃ ခုနှစ် နောက်ပိုင်းတွင် ပထမဆုံးအကြိမ် ကောက်ခံခြင်း ဖြစ်သည်။

No comments:

Post a Comment