Pages

Saturday, September 28, 2013

ဘာသာပေါင်းစုံပါဝင်သော မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းခြင်း နှစ်နှစ်ပြည့် ဆုတောင်းပွဲ အခမ်းအနား မြစ်ကြီးနားတွင် ကျင်းပမည်


28.9.2013

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ဘာသာပေါင်းစုံပါဝင်သော မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းခြင်း နှစ်နှစ်ပြည့် ဆုတောင်းပွဲ အခမ်းအနားကို စက်တင်ဘာ ၃၀ ရက်တွင် ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ ယင်းဆု တောင်းပွဲသို့ ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူ ရပ်မိရပ်ဖများ၊ ဟိန္ဒူဘာသာဝင်များ၊ မွတ်စလင် ဘာသာဝင်များ၊ နှစ်ခြင်း/ရိုမန်ကက်သလစ် စသည့် ခရစ်ယာန်ဂိုဏ်းပေါင်းစုံ သာသနာ ၀န်ထမ်းများ လူဦးရေ ၃၀၀ ကျော် ဖိတ်ကြားထားကြောင်း သိရသည်။

ယင်းဆုတောင်းပွဲ ဖြစ်မြောက်အောင်မြင်ရန် ကြိုးပမ်းနေသူ ဖာသာနော်ဒင့်က ''ဘာသာစုံကို ဖိတ်ထားတယ်။ ဆုတောင်းပွဲမှာ မိမိတို့ရဲ့အမြင်ကို ထုတ်ဖော်ခွင့်လည်းရှိတယ်။ ဖာသာတို့ရဲ့ဆန္ဒကတော့ ၂၀၁၅ မကလို့ ကမ္ဘာကုန်သည့်တိုင်အောင် မပြုလုပ်ကြစေဖို့ ဆုတောင်းဖို့ဖြစ်တယ်။ ဒီရေကာတာကြီးသာ ဆောက်ခဲ့ရင် မြစ်ဝှမ်းတစ်လျောက်လုံးလူတွေ ဘယ်သူမှ စိတ်ချမ်းသာကြမှာ မဟုတ်ဘူး''ဟု မိန့်ကြားသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မြစ်ဆုံဆည်ရေကာတာ စီမံကိန်းကို ၂၀၁၁ ခုနှစ် စက်တင်ဘာ ၃၀ ရက်တွင် ရပ်ဆိုင်းလိုက်ကြောင်း ကြေညာခဲ့သည်မှာ ယခု စက်တင်ဘာ ၃၀ ရက်တွင် နှစ်နှစ် ပြည့်ခဲ့ပြီဖြစ်သည်။ မြစ်ဆုံဆည် တည်ဆောက်သည့် CPI ကုမ္ပဏီမှာ ယင်းစီမံကိန်းကို ပြန်လည် အကောင်ထည်ဖော်လိုပြီး ဆိုးကျိုးထက် ကောင်းကျိုးများကြောင်း လွန်ခဲ့သော ဇွန်လ ၂၃ ရက်က ကချင်ပြည်နယ် သတင်းစာဆရာ အသင်းဝင်များနှင့် စာရေးဆရာများအား CPI ကုမ္ပဏီ မန်နေဂျာ လီကောင်ဝှါက ဆိုသည်။ CPI ကုမ္ပဏီသည် ဧရာဝတီမြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ်တည်ဆောက်ရန် မြစ်ဆုံ၊ ချီဖွေ၊ ၀ူဆောက်၊ ဖီဆော၊ ခေါင်လံဖူး၊ ယဲ့နန်။ လာဆာတို့တွင် စီမံကိန်းခုနစ်ခုရှိပြီး စုစုပေါင်း စက်တပ်ဆင်အင်အားမှာ မဂ္ဂါဝပ် ၂၀၀၀၀ ခန့်ရှိကာ တစ်နှစ်လျှင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုနှုန်း ၁၀၀ ဘီလျံယူနစ်ခန့် ရှိမည်ဟု ယင်းကုမ္ပဏီ၏ မှတ်တမ်းစာအုပ်တွင် ဖော်ပြထားသည်။

Eleven Media Group 

No comments:

Post a Comment