Pages

Friday, September 27, 2013

တရုတ်စီမံကိန်း ဆန္ဒပြ၍ ထောင်ချခံရသူများကို ပြန်လွှတ်ပေးရန် ဒေသခံ ၄၀၀ ကျော် တောင်းဆို



ရန်ကုန်၊ စက်တင်ဘာ ၂၆

တရုတ် စီမံကိန်းကို အလိုမရှိဟုဆိုကာ တရားဝင် ခွင့်ပြုချက်မရဘဲ ဆန္ဒပြခဲ့သဖြင့် တရားစွဲခံရသည့် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်းမှ ဒေသခံ ၁၀ ဦးကို ထောင်ဒဏ်သုံးလ ချမှတ်လိုက်သဖြင့် ၎င်းတို့ကို ပြန်လွှတ်ပေးရန် ဒေသခံ ၄၀၀ ကျော်က စက်တင်ဘာလ ၂၆ ရက်နေ့တွင် တောင်းဆို ဆန္ဒဖော်ထုတ်လျက် ရှိကြောင်း ကျောက်ဖြူမြို့ ဒေသခံများက ပြောကြားသည်။အဆိုပါ ဒေသခံ ၁၀ ဦးကို စီရင်ချက်ချရန် သုံးကြိမ်မြောက် ရုံးချိန်းဖြစ်သည့် စက်တင်ဘာလ ၂၆ ရက်နေ့တွင် ကျောက်ဖြူမြို့ တရားရုံးက ၎င်းတို့ကို ထောင်ဒဏ်သုံးလ ကျခံရန် စီရင်ချက်ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ ဒေသခံများထံမှ သိရှိရသည်။

ဆန္ဒပြမှု ခေါင်းဆောင်အဖြစ် ပုဒ်မ ၁၈ ဖြင့် တရားစွဲခံရပြီး ထောင်ဒဏ်သုံးလ ချမှတ်ခံရသည့် ဒေသခံ ၁၀ ဦးကို ပြန်လွှတ်ပေးရန်၊ တရုတ် စီမံကိန်းကို ဆန္ဒပြမှုတွင် ခေါင်းဆောင် မရှိသဖြင့် ပြစ်ဒဏ်ချမှတ်ပါက ဆန္ဒပြသူအားလုံးကို ပြစ်ဒဏ်ချရန်ဟုဆိုကာ ဒေသခံ ၃၀၀ ကျော်က ကျောက်ဖြူ မြို့နယ် တရားရုံးရှေ့တွင် တောင်းဆိုနေကြကြောင်း ကျောက်ဖြူ လူမှုကွန်ရက်မှ ပူးပေါင်း ဆောင်ရွက်ရေးမှူး ဦးထွန်းလွင်က ပြောကြားသည်။အဆိုပါဒေသခံ ၁၀ ဦးကို စီရင်ချက်ချရာ တရားရုံးအနီးတွင် ဒေသခံ ၃၀၀ ကျော် စုရုံးရောက်ရှိလာပြီး ယင်းတရားရုံးအနီး ရဲတပ်ဖွဲ့နှင့် တပ်မတော်သား အင်အား ၁၀၀ ကျော်ကို လုံခြုံရေးချထားသည်ကို တွေ့ရကြောင်း ၎င်းကဆိုသည်။

ပြစ်ဒဏ်ချခံရသူများကို ပြန်လွှတ်ပေးရန် တောင်းဆိုနေသူများကို ယင်းနေရာက ပြန်လည် ထွက်ခွာသွားကြရန် ဒေသအာဏာပိုင်များနှင့် ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တို့က မေတ္တာ ရပ်ခံနေကြောင်း၊ သို့သော်လည်း ဒေသခံများ ယင်းနေရာက ထွက်ခွာသွားခြင်း မရှိသေးကြောင်း ပြစ်ဒဏ်ချခံရသူများ၏ ရှေ့နေ ဦးထိန်လင်းက ညနေ ၄ နာရီကျော်တွင် ပြောဆိုသည်။စီရင်ချက်ချရန် ပထမအကြိမ်အဖြစ် စက်တင်ဘာလ ၁၂ ရက်နေ့ကို ချိန်းဆိုခဲ့ထားသော်လည်း တရားသူကြီးက စီရင်ချက် ရေးသားမှု မပြီးပြတ်၍ဟုဆိုကာ စက်တင်ဘာလ ၁၉ ရက်နေ့သ ချိန်းဆိုခဲ့ရာ ယင်းနေ့တွင်လည်း တရားစွဲခံရသူများ ခွင့်ယူသဖြင့် စက်တင်ဘာလ ၂၆ ရက်နေ့တွင် စီရင်ချက်ချမှတ်နိုင်ခြင်း ဖြစ်ကြောင်း ပြစ်ဒဏ်ချခံရသူ ဦးထွန်းကြည်က ပြောကြားသည်။

မဒေးကျွန်းရှိ တရုတ်- မြန်မာ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းကို ကန့်ကွက် ဆန္ဒပြရန် မြို့နယ်နှင့် ပြည်နယ် ရဲတပ်ဖွဲ့မှူးများကို တရားဝင် ခွင့်ပြုချက် တောင်းခံခဲ့ပြီး ပလပ်ခံခဲ့ရသော်လည်း ဆန္ဒပြခဲ့ကြရာ ဧပြီလ ၁၄ ရက်နေ့က ဆန္ဒပြခဲ့သော ဒေသခံ ၅၀၀ ခန့်အနက် တရားဝင် ခွင့်ပြုချက် တောင်းခဲ့သူ ၁၀ ဦးမှာ တရားစွဲခံရခြင်း ဖြစ်ကြောင်း ဆန္ဒပြခဲ့သူများထံမှ သိရှိရသည်။ ဧပြီလ ၁၄ ရက်နေ့က သိမ်းဆည်းခံ လယ်ယာမြေများ နိုင်ငံတကာ စံနှုန်းအတိုင်း လျော်ကြေးပေးရေး၊ မဒေးကျွန်းပေါ်ရှိ ရွာချင်းဆက်လမ်းများ ကောင်းမွန်စွာ ဖောက်လုပ်ပေးရေး၊ အလုပ်ရရှိရေး၊ နိုင်ငံ တကာ စံနှုန်းအတိုင်း လုပ်ခရရှိရေး၊ လျှပ်စစ်မီး ရရှိရေး၊ ငါးဖမ်းခွင့်ရရေး အပါအဝင် အချက်ကိုးချက်ကို ရရှိရန် ပိုက်လိုင်း ဖြတ်သန်းရာ တစ်လျှောက်ရှိ ဒေသခံများက တောင်းဆိုခဲ့ကြသည်။

ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီများကို နိုင်ငံသား စိစစ်ခြင်းမပြုဘဲ နိုင်ငံခြား အကူအညီဖြင့် နေအိမ်ဆောက်လုပ်မည်ဆိုသည့် အစီအစဉ်ကို ကန့်ကွက်ခဲ့သည့် ဒေသခံ ကိုးဦးကိုလည်း ယခုလအတွင်း ထောင်ဒဏ်သုံးလစီ ချမှတ်ခဲ့သည်။

The  Voice  Weekly

No comments:

Post a Comment