မြန်မာနိုင်ငံ၏ စီးပွားရေး အချက်အချာကျသော ရန်ကုန်တိုင်းဒေသကြီး
အတွင်းတွင် ကုန်စည်ဒိုင်များနှင့် အဝေးပြေး ကားဝင်းများ ထပ်မံဖွင့်လှစ်မည်
ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး စည်ပင် သာယာရေးဝန်ကြီး မြို့တော်ဝန်
ဦးလှမြင့်က ပြောကြားသည်။
ရန်ကုန်မြို့ရှိ လူစည်ကားမှု နည်းသော အမှတ် (၂) လမ်းမကြီး၊ အမှတ် (၇) လမ်းမကြီး၊
အမှတ် (၆) လမ်းမကြီးများ ဘေးတွင် ကုန်စည်ဒိုင်နှင့် အဝေးပြေးဝင်းများ
ထပ်မံဆောက်လုပ်ရန် ပြည်ထောင်စု အစိုးရထံ တင်ပြသွားမည် ဖြစ်ကြောင်း
၎င်းကဆိုသည်။
စက်တင်ဘာလ ၁၆ ရက်နေ့တွင် ကျင်းပသည့်
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတွင် ဒဂုံမြို့သစ် (အရှေ့ပိုင်း)
မြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ထူးက ပြောင်းလဲလာသော
စီးပွားရေး မူဝါဒများနှင့်အညီ ရန်ကုန်မြို့တွင်း ကုန်စည်စီးဆင်းမှု
ပိုမိုလွယ်ကူစေရေး ကုန်စည်ဒိုင်များ ထပ်မံဆောက်လုပ်ရန် အစီအစဉ်ရှိ မရှိ
မေးမြန်းရာ ၎င်းက ယင်းသို့ ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။
ရန်ကုန်မြို့အတွင်း အောင်မင်္ဂလာနှင့် ဒဂုံဧရာ အဝေးပြေးဝင်းတို့တွင်
ကုန်စည်ဒိုင်များ ထပ်မံ ဆောက်လုပ်လျက် ရှိပြီး မကြာမီ ဖွင့်လှစ်သွားမည်
ဖြစ်ကြောင်း ဦးလှမြင့်က ဆိုသည်။ ကုန်စည် စီးဆင်းမှု မြန်ဆန်စေရန်
ဘုရင့်နောင်နှင့် စော်ဘွားကြီးကုန်း ကုန်စည်ဒိုင်များ ဖွင့်လှစ်ထားကြောင်း
၎င်းက ထပ်လောင်းပြောကြားသည်။
ယခုလက်ရှိ ကုန်စည်ဒိုင်များမှာ
နည်းပါးလွန်းကြောင်း လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သော အဝေးပြေး
ကားလမ်းများအနီးတွင် စီးပွားရေးဆိုင်ရာ အဆောက်အအုံများကို
ထပ်မံတိုးချဲ့သင့်ကြောင်း ဒဂုံမြို့သစ် (မြောက်ပိုင်း) မဲဆန္ဒနယ်မှ
တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်လင်းက ဆိုသည်။
(ဟိန်းသွင်ထက်)
The Voice
No comments:
Post a Comment