24.9.2013
တရုတ်နိုင်ငံတွင် အသက် ၂၄ နှစ် အရွယ်ရှိ အမျိုးသားတစ်ဦးသည် မြစ်ခရုများကို အလွန်အကျွံ စားသုံးပြီး နောက် ၎င်း၏အသားအရေမှာ အစိမ်းရောင်သို့ ပြောင်းလဲသွားခြင်း ကြောင့်ကွီကျိုးပြည်နယ် ဆေးရုံတွင် တက်ရောက်၍ ဆေးကုသမှု ခံယူခဲ့ရကြောင်း သိရသည်။
တရုတ်သတင်းဌာန တစ်ခု၏ ဖော်ပြချက်အရ ယင်းအမျိုးသား၏ အသည်းအတွင်းသို့ ကပ်ပါးရောဂါပိုး ဝင်ရောက်ခဲ့ခြင်းကြောင့် အသားအရေမှာ အစိမ်းရောင်သို့ ပြောင်းလဲ သွားခြင်း ဖြစ်ကြောင်း သိရသည်။ အဆိုပါ အမျိုးသားသည် ခရု၏ သန်ပြားကောင် ကပ်ပါး ပိုးများ၏ ကူးစက် ဝင်ရောက်မှုကို ခံရခြင်းဖြစ်ကြောင်း တရုတ်ရောဂါ ထိန်းချုပ်ရေးဌာနမှ အတည်ပြု ပြောကြားခဲ့သည်။ ထို့အပြင် ယင်းအမျိုးသားသည် မြစ်ခရုများကို နေ့စဉ် စားသုံး ခဲ့ခြင်းကြောင့် သန်ပြားကောင် ကပ်ပါးပိုးများသည် ၎င်း၏ အသည်းအတွင်းသို့ ဝင်ရောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
၎င်းသည် မြစ်ခရုများ ချက်စားရသည်ကို ကြိုက်နှစ်သက်ကြောင်း၊ အထူးသဖြင့် ပြီးခဲ့သည့် လအနည်းငယ်က ညတိုင်း ခရုတစ်ပန်းကန် စားသောက်ခဲ့ကြောင်း၊ လွန်ခဲ့သော နှစ်လခန့်က ဝမ်းဗိုက် နာကျင်မှုကို စတင်ခံစားခဲ့ရပြီး ထူးဆန်းသော ရောဂါလက္ခဏာများ စတင် ဖြစ်ပွားသည့် အချိန်ထိ ဆေးဝါး ကုသမှုခံယူခဲ့ခြင်း မရှိကြောင်း ၎င်းက ပြည်တွင်း သတင်းထောက် များကို ပြောကြားခဲ့သည်။
ဆရာဝန်များသည် ၎င်း၏ သည်းခြေရည် ပြွန်အတွင်းမှ Fasciola hepatica အမည်ရှိ သန်ကောင် လေးကောင်ကို ဖယ်ရှားနိုင်ခဲ့ကြောင်း၊ ယင်းသန်ကောင် တစ်ကောင်စီသည် ၁ဝ မီလီမီတာ ရှည်ပြီး ခန္ဓာကိုယ် လုံးပတ်မှာ ၈ မီလီမီတာရှိသည့် အပြင် ၂ မီလီမီတာ ထူကြောင်း သိရသည်။
Today Myanmar

No comments:
Post a Comment