Pages

Thursday, September 12, 2013

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၏ အခြေခံဥပဒေ ပြင်ဆင်ချက် ၁၀၀ ကျော် ထုတ်ပြန်မည်

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက သုံးရက်တိုင်တိုင် ကျင်းပသည့် အခြေခံဥပဒေ ပြင်ဆင်ရေး ဆွေးနွေးပွဲမှ ထွက်ရှိလာသည့် အခြေခံဥပဒေ ပြင်ဆင်ချက် ၁၀၀ ကျော်ကို စက်တင်ဘာလ ၁၂ ရက်နေ့ (ယနေ့) တွင် ထုတ်ပြန်မည် ဖြစ်ကြောင်း အဆိုပါ ပါတီအတွင်းအရေးမှူး ဦးစိုင်းလှကျော်က The Voice သို့ ပြောကြားသည်။ 

၂၀၀၈ အခြေခံဥပဒေပုဒ်မ ၁၀၀ ကျော်ကို ဖက်ဒရယ်စနစ် အခြေခံဥပဒေ ထွက်ပေါ်လာရန် ရည်ရွယ်၍ ပြင်ဆင်ထားခြင်း ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

အဆိုပါ ဆွေးနွေးပွဲကို စက်တင်ဘာလ ၉ ရက်နေ့မှ ၁၁ ရက်နေ့အထိ တောင်ကြီးမြို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ရုံးချုပ်၌ သုံးရက်တိုင်တိုင် ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း၊ ပြည်ထောင်စု လွှတ်တော် အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မရှင်တွင် ပါဝင်သည့် SNDP ပါတီ ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်များက လွှတ်တော်သို့ တင်ပြနိုင်ရန် ကြိုတင်ပြင်ဆင်သည့် အနေနှင့် ယင်းသို့ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း အဆိုပါ ပါတီထံမှ သိရှိရသည်။ 

“ငြိမ်းချမ်းရေးအတွက် အဓိက လိုအပ်နေတဲ့ ပုဒ်မတွေကို ပြင်ဆင်ထားပါတယ်” ဟု ဦးစိုင်းလှကျော်က ဆိုသည်။

အဆိုပါ အခြေခံဥပဒေ ပြင်ဆင်ချက် ၁၀၀ ကျော်ကို အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီကို တင်ပြသွားမည် ဖြစ်ကြောင်း ယင်းပါတီ အတွင်းအရေးမှူး ဦးစိုင်းလှကျော်က ထပ်လောင်းပြောကြားသည်။

အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီကို ဇူလိုင်လ အတွင်း ပြည်ထောင်စုလွှတ်တော်၌ အဖွဲ့ဝင် ၁၀၉ ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ လွှတ်တော်ကိုယ်စား လှယ်လေးဦး ပါဝင်ကြောင်း လွှတ်တော် ထုတ်ပြန်ချက်များအရ သိရသည်။

အခြေခံဥပဒေကို ပြင်ဆင်ရန် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီက ဇူလိုင်လ အတွင်းတွင် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကလည်း စက်တင်ဘာလ ၆ ရက်နေ့တွင် အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီကို ဖွဲ့စည်းခဲ့ကာ အဆိုပါကော်မတီက တိုင်းရင်းသားပါတီ ခြောက်ပါတီနှင့် အခြေခံ ဥပဒေ ပြင်ဆင်ရေး ဆွေးနွေးထားသည်။

The Voice Weekly

No comments:

Post a Comment