Pages

Friday, September 13, 2013

ငွေသိန်း ၄၀ ခိုးသည်ဟုဆိုကာ ရုပ်ရှင်ထုတ်လုပ်ရေး ပိုင်ရှင်က ယာဉ်မောင်းကို အမှုဖွင့်

ရုပ်ရှင်ထုတ်လုပ်ရေး လုပ်ငန်းပိုင်ရှင်တစ်ဦးက သူ့ယာဉ်မောင်းသည် ငွေကျပ်သိန်း ၄၀ ခိုးယူပါသည်ဟု စွပ်စွဲကာ တာမွေရဲစခန်း၌ စက်တင်ဘာ ၁၁ ရက်တွင် အမှုဖွင့်တိုင်တန်းလိုက်ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

ငွေပိုင်ရှင်သည် အသက် ၃၆ နှစ်အရွယ် ဦးဝင်းထိုက်အောင်ဆိုသူဖြစ်ပြီးဗဟန်းမြို့နယ်တွင် နေထိုင်သူ ဖြစ်ကြောင်း ရဲစခန်းက အတည်ပြုထားသည်။

၎င်းသည် ယာဉ်မောင်းနှင့်အတူ စက်တင်ဘာ ၁၀ ရက် ညက ရုပ်ရှင်ရိုက်ကူးနေသော ဟိုတယ်တစ်ခုသို့ အတူသွားခဲ့ကြောင်း၊ သူသည် ရိုက်ကွင်းကုန်ကျစရိတ်ပေးချေရန် စုစုပေါင်း ကျပ်သိန်း ၄၀ ရှိသော ငါးထောင်ကျပ်တန် ငွေစက္ကူရှစ်ထုတ်ကို ကားပေါ်ရှိပစ္စည်းထည့်သည့် အံအတွင်းထည့်ယူခဲ့ကြောင်း ရဲကို ထွက်ဆိုထားသည်။

ထိုသို့ငွေများ ကားအံအတွင်းသို့ထည့်လိုက်သည်ကိုလည်း ယာဉ်မောင်းက တွေ့မြင် ခဲ့ကြောင်း ရဲစခန်း၌ စွပ်စွဲထွက်ဆိုထားသည်။

ရိုက်ကွင်းသို့ရောက်ပြီး ခဏကြာသောအခါ သူ့ယာဉ်မောင်းထံ အလုပ်သမားတစ်ဦးကို စားစရာသွား ပေးခိုင်းသော အခါတွင် ယာဉ်မောင်းပျောက်ဆုံးနေသည်ကို သိရှိခဲ့ရကြောင်း ငွေပိုင်ရှင်က ရဲကို ထွက်ဆိုထားသည်။

ယင်းသို့ ငွေရောလူပါ ပျောက်ဆုံးနေမှုကြောင့် သူ့ယာဉ်မောင်းကို ငွေခိုးယူသူအဖြစ်စွပ်စွဲကာ ရဲစခန်း၌ တိုင်တန်း လိုက်ခြင်းဖြစ်သည်ဟုလည်း ရဲမှတ်တမ်းတွင် တွေ့ရသည်။

ထို့ကြောင့် တာမွေရဲစခန်းက ယင်းကိစ္စကို အမှုအမှတ် (ပ)၃၉၃/၂၀၁၃ ဖြင့် အမှုဖွင့်ပြီး စွပ်စွဲတိုင်တန်းခြင်း ခံရသူ ယာဉ်မောင်းအားဖမ်းဆီးရန် လုပ်ဆောင်လျက်ရှိပြီး ဖမ်းဆီးရမိလျှင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၈၁ ဖြင့် တရားစွဲမည်ဟု လည်း တိုင်းရဲဌာနက သတင်းထုတ်ပြန်ထားသည်။



Credit To >Mizzima - News in Burmese

No comments:

Post a Comment