Pages

Saturday, September 28, 2013

နေပြည်တော် ၁၁၅ မိုင် ပျံကျဈေးသည်တွေ မရှိတော့တာနဲ့ ကျွန်တော်တို့ နိုင်ငံတကာအဆင့်မှီသွားပြီလား ?



နေပြည်တော် ၁၁၅မိုင်က စားသောက်ဆိုင်တွေရှင်းလိုက်ပြီဆိုတော့ အဲ့ဒီနေရာသန့်ရှင်းသပ်ရပ်သွားပြီလို့ မျက်စိထဲမြင်ယောင်မိသလို ညဘက်၁၁၅မိုင်မှာ ငုံးဥပြုတ်ရောင်းရင်းကျောင်းတက်နေတယ်ဆိုတဲ့ ချာတိတ်လေးကို မျက်စိထဲမြင်ယောင်နေမိတယ်။ခလေးအသက်က အလွန်းဆုံးရှိလှ ၈နှစ်ပေါ့။

ငုံးဥပြုတ်ရောင်းနေတဲ့သူတွေထဲ ကျောင်းစိမ်းနဲ့ဆိုတော့ လှမ်းခေါ်ရင်း စပ်စုမိတယ်။ .. ၅ထုပ်ပဲကျန်တာအစ်ကိုရဲ့..ဒါကုန်ရင်ပြန်မှာ မနက်ကျောင်းတက်ရအုံးမယ်ဆိုလို့ အကုန်လုံးယူလိုက်တယ်။

ကိုယ်လည်း သူဌေးမဟုတ်တော့ တတ်နိုင်သလောက် ကိုယ်သုံးမယ့်အထဲကပိုက်ဆံကိုဖယ်ပြီး မုန့်ဖိုး၃၀၀၀ပေးလိုက်ရင်း စာကြိုးစားဖို့မှာလိုက်မိသေး။

ခလေးထွက်သွားတော့မှ နံဘေးဆိုင်တန်းက ကွမ်းယာရောင်းတဲ့သူက အဲ့ဒီခလေးနေတဲ့ရွာက ဝေးတယ်တဲ့..စောစောပြန်ရမှ သူ့အတွက်အဆင်ပြေမှာအစ်ကိုရေ..ကောင်လေးက လိမ္မာတယ် ရသမျှသူ့အမေပြန်ပေးတာဗျ..လို့ ဆိုပါတယ်။

ကိုယ်လည်း ကျေနပ်ဝမ်းသာပီတိဖြစ်ခဲ့ရတာပေါ့။ နောက်တခေါက် ၁၁၅မိုင်ရောက်ဖြစ်ခဲ့တော့ အဲ့ဒီခလေးကို အမှတ်မထင်ပြန်တွေ့ရလို့ လှမ်းခေါ်ရင်းစကားပြောဖြစ်တယ်။

ကံကောင်းထောက်မစွာ သူကလည်း ကိုယ့်မှတ်မိနေတော့ ရီရီမောမောနဲ့ စကားပြောဖြစ်ရင်း သူစာလိုက်နိုင်တဲ့အကြောင်းဝမ်းသာအားရပြောပြတယ်။ စိတ်မကောင်းဘူးခလေးရေ..မင်းအခုဘယ်လိုအလုပ်လုပ်ပြီးကျောင်း
ဆက်တက်နေလဲဆိုတာ ငါမသိတော့ဘူး။

...အတွေးထဲမှာစဉ်းစားမိတာတခုက အခုလို နိုင်ငံတကာအဆင့်မှီ ယဉ်ရပ်နားစခန်းမှာ တရားမ၀င်ဆိုင်တန်းတွေ.. ပျံကျဈေးသည်တွေ မရှိတော့တာနဲ့ ကျွန်တော်တို့ နိုင်ငံတကာအဆင့်မှီသွားပြီလား..???။

ကျွန်တော့်အမြင်အရ ပြောရရင် သူတို့အတွက် ဈေးတန်းလေးတခုကို စည်းကမ်းတကျ ကြပ်မတ်ပြီး သပ်သပ်ရပ်ရပ်နဲ့ပြန်လည် ပြုလုပ်ပေးစေ လိုပါတယ်။ စည်းစနစ်မကျ ပျံကျဈေးသည်ဆိုပေမယ့် ခရီးသွားတွေ(အခြေခံလူတန်းစားနဲ့လူလတ်တန်းစား)အတွက် အဲ့ဒီလိုဆိုင်လေးတွေ လိုအပ်နေတာအမှန်ပါပဲ။

တရားဝင်ဆိုင်တွေရဲ့ အစားအသောက်ဈေးနှုန်းကို လည်း လေ့လာကြည့်ပါအုံး..တော်ရုံဝန်ထမ်းတွေတောင် တခါမှာစားဖို့ စဉ်းစားနေရပါတယ်။ နောက်ပြီး အဲ့ဒီမှာဈေးရောင်းသူအများစုက ဒေသခံ ဆင်းရဲသားတွေပါ။ သူတို့နဲ့ သူတို့ကိုမှီခိုသူတွေအတွက်လည်း ထည့်စဉ်းစားဖို့လိုပါလိမ့်မယ်။

ကျောင်းစိမ်းဝတ်စုံးလေးနဲ့ ငုံးဥပြုတ်လိုက်ရောင်းနေရတဲ့ ခလေးငယ်တွေ ဒီနေရာမှာဈေးမရောင်းရင် ကျောင်းတက်နိုင်ပါတော့မလားး??။ နိုင်ငံတကာအဆင့်မှီ ယဉ်ရပ်နားစခန်းဆိုတဲ့ ဂုဏ်သိက္ခါကိုပဲ ကြည့်လို့မသင့်ပါဘူးခင်ဗျာ။

တရားဝင်ဖွင့်ထားတဲ့ဆိုင်တွေလို သိန်းပေါင်းထောင်သောင်းချီပြီး လူတိုင်ရင်းနှီးမလုပ်ကိုင်နိုင်သလို လူတိုင်းဝင်ငွေမြင့်မားပြီး အစားကောင်းစားနိုင်နေရင် အဲ့ဒီဆိုင်တွေ ဘယ်သူကမှဈေးမ၀ယ်ကြပါဘူး။ ခရီးသွားတွေဆိုတာ လူတန်းစားပေါင်းစုံပါ။

အခြေခံလူအများစုအတွက် အဆင်ပြေစေမယ့်နည်းလမ်းရှာပေးကြပါဗျာ။ ခရီးသွားတွေလည်းအဆင်ပြေအောင်၊ သူတို့လည်း တရားမ၀င်ပျံကျကျူးကျော်ဆိုင်မဖြစ်အောင် အစိုးရအနေနဲ့ကလည်း မျှတကောင်းမွန်တဲ့ ရလဒ်ထွက်အောင် ဆောင်ရွက်ပေးသင့်ပါတယ်။

No comments:

Post a Comment