Pages

Sunday, September 22, 2013

ဖမ်းဆီးခံ အမျိုးသမီး နိုင်ငံရေးလှုပ်ရှားသူများ လွှတ်ပေးရန် တောင်းဆိုချက် အတွက် လက်မှတ်ကောက်




22.9.2013

အဖမ်းဆီးခံ အမျိုးသမီး နိုင်ငံရေး လှုပ်ရှားသူများဖြစ်သည့် ဒေါ်နော်အုန်းလှ၊ ဒေါ်ဘောက်ဂျာ၊ ဒေါ်ခင်မိမိခိုင်နှင့် ဒေါ်မြင့်မြင့်အေးတို့ အပါအဝင် အခြားဖမ်းဆီးခံ နိုင်ငံရေး လှုပ်ရှားသူများ အားလုံးကို အမြန်ဆုံး လွှတ်ပေးရန်အတွက် လက်မှတ် ကောက်ခံကာ သက်ဆိုင်ရာသို့ တောင်းဆို သွားမည် ဖြစ်ကြောင်း အရပ်ဘက် အဖွဲ့အစည်း တစ်ခုဖြစ်သည့် ဖန်တီးအိမ်မှ ဒါရိုက်တာ ဒေါ်ရွှေရွှေစိန်လတ်က The Voice သို့ ပြောကြားသည်။

နိုင်ငံရေးလှုပ်ရှားသူ အမျိုးသမီးများကို အကြမ်းဖက် ဖမ်းဆီးခြင်းသည် အမျိုးသမီးအရေးနှင့် လုံခြုံရေးဆိုင်ရာ သဘောတူညီချက်ဖြစ်သည့် ကုလသမဂ္ဂက ချမှတ်ထားသော UN Security Council Resolution 1325 နှင့် မညီဘဲ နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်တွင် အမျိုးသမီးများ ပါဝင်လာမှုကို ဟန့်တားစေကြောင်း၊ အမျိုးသမီးများမပါဘဲ ငြိမ်းချမ်းရေး ရရှိနိုင်မည် မဟုတ်ကြောင်း ၎င်းကပြောသည်။

အထက်ပါ တောင်းဆိုချက်ကို သက်ဆိုင်ရာအစိုးရ၊ လွှတ်တော်နှင့် နိုင်ငံတကာအဖွဲ့စည်းများသို့ ပေးပို့သွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
“နိုင်ငံရေးလှုပ်ရှားတဲ့ အမျိုးသမီးတွေကို ဖမ်းဆီးထောင်ချမှုတွေ ပြုလုပ်တာဟာ နောင်မလုပ်ရဲအောင် အမျိုးသမီးတွေ နိုင်ငံရေးမှာ ပါဝင်မှုကို ဟန့်တားသလို ဖြစ်နေတယ်။ အမျိုးသမီးတွေ ပါဝင်မှုမရှိတဲ့ ဘယ်အရာမှ မတိုးတက်ဘူး” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမေဝင်းမြင့်က သုံးသပ်သည်။

အစိုးရသစ် လက်ထက်အတွင်း နိုင်ငံရေး လှုပ်ရှားသူများ၊ ဆန္ဒထုတ်ဖော်သူများကို အရေးယူမှုများ ရှိလာပြီး ဖမ်းဆီး ထိန်းသိမ်းခံရခြင်း အပါအဝင် အရေးယူခံရသူ ၃၀၀ ထက်မနည်း ရှိနိုင်ကြောင်း Generation Wave မှ ဦးတင်မျိုးထွဋ်က ပြောကြားသည်။

မြန်မာနိုင်ငံ အမျိုးသမီးများ ဖိုရမ်ကို ပြည်တွင်းတွင် ပထမဆုံးအဖြစ် စက်တင်ဘာ ၂၀ မှ ၂၂ ရက်နေ့အထိ သုံးရက်ကြာ ကျင်းပလျက်သည်။

The Voice

No comments:

Post a Comment