Pages

Monday, September 30, 2013

ရန်ကုန်မြို့ရှိ လူဦးရေ သုံးသန်းကျော် နေ့စဉ်ရထားအသုံးပြု သွားလာနိုင်ရန် ဂျပန်က ကူညီစီစဉ်ပေးမည်


                               မြို့ပတ်ရထားစီး ပြည်သူများအား တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
30.9.2013

လာမည့် အနှစ် ၂၀ အတွင်း ရန်ကုန်မြို့၏ လူဦးရေ သုံးသန်းကျော် နေ့စဉ် ရထားအသုံးပြုနိုင်အောင် စီစဉ်နိုင်မည် ဟု ဂျပန်မှ ခန့်မှန်းထားကြောင်း ရထားဝန်ကြီးဌာနမှ သိရသည်။

ရန်ကုန်မြို့၏ ယာဉ်လိုင်းကျပ်တည်းမှုများကြောင့် ရထားအသုံးပြုသူ အရေအတွက်မှာ နေ့စဉ်များပြား လာနေသော်လည်း ဖြည့်ဆည်းနိုင်သည့် ပမာဏမှာ ရာခိုင်နှုန်း အနည်းငယ် ၀န်းကျင်သာ ရှိနေသေးသည့် အတွက် ရန်ကုန်မြို့ ရထားစနစ်ကို ဂျပန်နှင့် ပူးပေါင်းကာ အဆင့်လိုက် လုပ်ဆောင်မှု များ ပြုလုပ်သွား မည်ဖြစ်ကြောင်း သိရသည်။

"ဂျပန်က ဘယ်လိုမှန်းထားလဲဆိုရင် အခု ရန်ကုန်မြို့ပတ် ရထားတွေကို အသုံးပြုနေတာက လူဦးရေ တစ်သန်းကျော်ကျော် ၀န်းကျင်လောက် ရှိတယ်။ အဲဒီအနေအထားကလည်း လက်ရှိရန်ကုန်မြို့ရဲ့ ခရီးသွားလာရေး အတိုင်းအတာမှာ သုံးရာခိုင်နှုန်းနဲ့ လေးရာခိုင်နှုန်း လောက်မှာပဲ ရှိနေတယ်။ အဲဒါကို ဂျပန်က လာမယ့် ၂၀၃၅ လောက်မှာ လူဦးရေ သုံးသန်းသုံးနိုင်အောင် ပြုလုပ်ဆောင်သွားမယ်လို့ သူတို့ဘက်က ခန့်မှန်းထားတယ်" ဟု မြန်မာ့မီးရထား အထွေထွေ မန်နေဂျာ ဦးကျော်ကျော်မျိုးက ပြောကြားသည်။

လက်ရှိတွင် ရန်ကုန်မြို့ပတ် ရထားကို အရှိန်မြှင့်တင်ရန် ရထားလမ်းပိုင်းများကို ရာနှုန်းပြည့် ပြင်ဆင်နိုင်ရန် အတွက် မြန်မာ့မီးရထား ၀န်ကြီးဌာန၊ အစီအစဉ်ဖြင့် လုပ်ဆောင်နေကြောင်းလည်း သိရသည်။

၂၀၁၃ မတိုင်မီကတည်းက သဘောတူညီထားချက်အရ ရန်ကုန်မြို့ပတ် ရထားလမ်း၏ စနစ်များကို အဓိက ထား ပြုလုပ်ရန် ပါရှိခဲ့သည့်အပြင် အနာဂတ် စီမံကိန်းများအရ ဖြတ်လမ်းကျယ်သွားမည် ဖြစ်ကြောင်း၊ ထို့ပြင် လက်ရှိရန်ကုန်မြို့ပတ်လမ်း ဒီဇိုင်းကို အခြေပြုကာ ပြုပြင်ရေးဆွဲ တည်ဆောက်မှုများ ပါဝင် မည်ဖြစ်ကြောင်း မြန်မာ့မီးရထား ၀န်ကြီးဌာနမှ သိရသည်။

၎င်းအပြင် ရန်ကုန်မြို့ပတ် ရထားလမ်း စီမံကိန်းအပြင် ဂျပန်နိုင်ငံ၏ Main Plan အရ သီလ၀ါ ဆိပ်ကမ်း အထိ ဖောက်လုပ်မည်ဟု ပါရှိကြောင်း မီးရထား ၀န်ကြီးဌာနမှ ရုံးအဖွဲ့မှူး ဦးဝင်းနောင်က ပြောကြားထားသည်။

ရန်ကုန်မြို့ပတ် ရထားလမ်းနှင့် နောင်လာမည့် ရထားလမ်း စီမံကိန်းများတွင် ဂျပန်နိုင်ငံမှ အတိုးနှုန်း သက်သာသော ချေးငွေများကိုလည်း ထုတ်ပေးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။

ရန်ကုန်မြို့တွင် ပြေးဆွဲနေသော မြို့ပတ်ရထားလိုင်းပေါင်း ၂၁ လိုင်းရှိပြီး ငါးမိနစ်လျှင် တစ်ကြိမ်ထွက်ရှိနေပြီး တစ်နေ့လျှင် ခေါက်ရေ ၂၀၀ တွင် လူဦးရေ တစ်သိန်းကျော်မှာ အသုံးပြုနေပြီဖြစ်ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment