Pages

Monday, September 16, 2013

ယင်းချောင်းရေကြီးမှုကြောင့် မကွေး-နေပြည်တော် ကားလမ်းပေါ်ရှိ တံတားချဉ်းကပ်လမ်း ရေတိုက်စားခံခဲ့ရ


16.09.2013
စက်တင်ဘာ ၁၁ ရက်မှ ၁၄ ရက်ညထိ မိုးသည်းထန်စွာ ရွာသွန်းခဲ့သောကြောင့် မကွေးတိုင်း မြို့သစ်မြို့နယ်အတွင်း ယင်းချောင်းရေကြီးကာ လယ်ဧက ၅၀ ကျော်နှင့် မကွေး-နေပြည်တော် ကားလမ်းပေါ်ရှိ တံတားချဉ်းကပ်လမ်းတစ်ခု စက်တင်ဘာ ၁၅ ရက် နံနက် ၄ နာရီကျော်ခန့်က ရေတိုက်စားခံရမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ တံတားအား ၂၀၁၁ ခုနှစ် မတ် ၂၃ ရက်က စတင်ဖွင့်လှစ်ခဲ့ပြီး ယခုအကြိမ်မှာ ဒုတိယမြောက် ချဉ်းကပ်လမ်း ပြိုခြင်းဖြစ်သည်။ ယင်းချောင်း ရေတိုက်စားမှုကြောင့် ချောင်းဘေးတစ်လျှောက်ရှိ မြေပဲစိုက်ခင်း အချို့နှင့် သစ်ပင်ကြီးများပါ မျောပါခဲ့ပြီး နတ်မောက်မြို့ အ၀င်ရှိ ယင်းချောင်းတံတား ရေကာတိုင် အချို့လည်း ပျက်စီးခဲ့သည်။

"ချောင်းထဲမှာ တံတားဆောက်ပြီး ကတည်းက ရေကြောင်းပြောင်းလာပြီး ကျွန်တော်တို့ရွာနဲ့ စိုက်ခင်းတွေဘက် ရေဦးလှည့်လာတာပါ" ဟု တပ်ကုန်းကျေးရွာမှ တောင်သူတစ်ဦးက ပြောကြားသည်။
အဆိုပါ တံတားချဉ်းကပ်လမ်း ပျက်စီးမှုကြောင့် မြို့သစ်-မကွေး လိုင်းကားများ ရပ်နားထားရပြီး မကွေး-နေပြည်တော် ကားလမ်းမှ ဖြတ်သန်းလေ့ရှိသည့် မကွေး-နေပြည်တော် လိုင်းကားများနှင့် မကွေး-ရန်ကုန် လိုင်းကားများမှာ အခြားကားလမ်းများမှ ပြောင်းလဲပြေးဆွဲနေရသည်။

"အခုညနေဆိုရင် ကားလေးတွေ ဖြတ်သန်းနိုင်မှာပါ နောက်နေ့မှာ ကားကြီးတွေလည်း သွားလာနိုင်ပါမယ်။ တံတားကို ဘေလီတံတား ထပ်ချဲ့သွားပြီး ချောင်းကိုရေကြောင်း ပြောင်းမယ်။ ရေကာတွေလည်း ထပ်ဆောက်ဖို့ စီစဉ်ထားတယ်" ဟု မြို့သစ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်မှ ပြောသည်။
တံတားချဉ်းကပ်လမ်း ပြိုကျမှုအား အလျင်အမြန် ပြုပြင်လျက်ရှိပြီး တံတားအား ချောင်းဧရိယာ ကုန်သည်အထိ ကွန်ကရစ်တံတားအဖြစ် ဆောက်လုပ်သင့်သည်ဟု ဒေသခံများမှ ဝေဖန်မှုများ ရှိနေကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment