Pages

Wednesday, September 4, 2013

တောင်သူလယ်သမား ၂၀၀ လွှတ်တော် လေ့လာမည်

04.09.2013

လွှတ်တော်နှစ်ရပ်က ဆောင်ရွက်နေသည့် လယ်ယာမြေနှင့် သက်ဆိုင်သော ဥပဒေရေးရာ ကိစ္စရပ်များကို လေ့လာရန် လယ်သမား ၂၀၀ ကျော် နေပြည်တော်ရှိ လွှတ်တော်များသို့ သွားရောက်မည်ဖြစ်ကြောင်း တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဥက္ကဋ္ဌ ဦးကျော်စွာစိုးက The Voice သို့ ပြောကြားသည်။

အဆိုပါ လေ့လာမှုကို အောက်တိုဘာလ အတွင်းတွင် ပြန်လည် ကျင်းပမည့်လွှတ်တော် အစည်းအဝေးများ ကာလအတွင်း ပြုလုပ်မည်ဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောကြားသည်။

နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး အတွက် အရေးကြီးသောကဏ္ဍမှ ပါဝင်နေသော တောင်သူလယ်သမား များသည် လွှတ်တော်တွင်း နိုင်ငံရေးလေ့လာထားရန် လိုအပ်သောကြောင့် ယင်းသို့စီစဉ်ရခြင်းဖြစ် ကြောင်း ၄င်းကဆိုသည်။

တောင်သူလယ်သမား အများစုသည် အစိုးရပိုင်းကို နားလည်မှု မရှိသောကြောင့် လယ်ယာမြေပြဿနာများကို ဖြေရှင်းရာတွင် အကြမ်းဖက်မှုအသွင်သို့ ပြောင်းလဲ သွားခြင်းများ ရှိနေကြောင်း၊ ဥပဒေပြုရေး မဏ္ဍိုင်ကို လေ့လာခြင်းဖြင့် လယ်သမားတို့၏ ရပိုင်ခွင့်များကို တရားနည်းလမ်းတကျ ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း လယ်ယာစီးပွားနှင့် တောင်သူလယ်သမား ရေးရာ ကော်မတီ အတွင်းရေးမှူး ဦးထွန်းမြင့်အောင်က ဆိုသည်။
"ဥပဒေရေးရာပိုင်း တွေကို လယ်သမားတွေ နားလည်အောင် ရှင်းပြနိုင်ဖို့ လိုတယ်" ဟု ၄င်းကဆိုသည်။

အဆိုပါလေ့လာရေးတွင် တောင်သူ လယ်သမားများကို လွှတ်တော်သို့ နှစ်သုတ်ခွဲ စေလွှတ်မည်ဖြစ်ပြီး တစ်သုတ်လျှင် ၁၀၀ ဦးစီ ပါမည်ဖြစ်ကြောင်း၊ ယင်းလေ့လာရေး ခရီးအတွက် လယ်သမားများကို ခြောက်လခန့် ကြိုတင်ကာ နိုင်ငံရေးသင်တန်းများ ပို့ချထားကြောင်း တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေး ပါတီထံမှ သိရှိရသည်။

(ဟိန်းသွင်ထက်)

The Voice Weekly

No comments:

Post a Comment