Pages

Monday, September 16, 2013

ရွှေဝါရောင်တော်လှန်ရေး ခြောက်နှစ်ပြည့် မန်းတွင် ကျင်းပရန် ညှိနှိုင်း

16.9.2013

မန္တလေးမြို့တွင် ရွှေဝါရောင်တော်လှန်ရေး ခြောက်နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားကို ကျင်းပနိုင်ရန် သံဃာတော် များနှင့် အဖွဲ့အစည်းအချို့ စက်တင်ဘာ ၁၄ ရက် မွန်းလွဲပိုင်းတွင် မဟာမြတ်မုနိဘုရားကြီး အနီးမှရွှေငါးကျောင်းတိုက် တွင် အကြိုစုဝေးညှိနှိုင်းခဲ့ကြသည်။

ထိုညှိနှိုင်းဆွေးနွေးပွဲတွင် ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်ခဲ့သော သံဃာတော်များနှင့် ကျောင်းသား သမဂ္ဂအဖွဲ့ဝင်များ၊ ၈၈ မျိုးဆက်ကျောင်းသားများ တက်ရောက်ခဲ့ကြသည်။

ဆွေးနွေးပွဲ၏ရလဒ်အရ ရွှေဝါရောင်တော်လှန်ရေးနေ့ အခမ်းအနားတွင် သံဃာ ၂၆ ပါးကို ဆွမ်းဆက်ကပ်ပြီးရွှေဝါရောင်တော်လှန်ရေးတွင် ကျဆုံးသွားသော သံဃာနှင့် လူပုဂ္ဂိုလ်များကို အမျှပေးဝေပွဲလည်း ပြုလုပ်မည်ဟု ပွဲဖြစ်မြောက်ရေး ဦးဆောင်သည့် ဆရာတော်ဦးသောဘိတကမိန့်သည်။ အခမ်းအနားကို စက်တင်ဘာ ၂၆ ရက်တွင် အံတော် ရာဘုရားဝင်းအတွင်း ကိုးခန်းကြီးဓမ္မာရုံတွင် နံနက် ၉ နာရီမှ စတင်ကျင်းပမည် ဖြစ်သည်။

“အရင်နှစ်တွေတုန်းက သိုသိုသိပ်သိပ်လုပ်ခဲ့ရတယ်။ ဒီနှစ် စည်စည်ကားကား ခမ်းခမ်းနားနားလုပ်မယ်။ မြင်းခြံ၊ ပခုက္ကူ၊ချောက်၊ မုံရွာစတဲ့မြို့တွေက တက်ကြမယ်” ဟု အခမ်းအနားဖြစ်မြောက်ရေး ဦးဆောင်သည့် ဆရာတော် တစ်ပါးဖြစ် သည့် ဂဠုန်နီဆရာတော် ဦးကာဝိယမှမိန့်သည်။

ထိုနေ့အခမ်းအနားတွင် ရွှေဝါရောင်တော်လှန်ရေးနှင့် ပတ်သက်သောသမိုင်းဝင် မှတ်တမ်းဓါတ်ပုံများလည်း ပြသသွား မည် ဖြစ်သည်။

“အာဏာပိုင်က တားဆီးတာတော့ ဘာမှမရှိသေးဘူး။ စောင့်ကြည့်တာတော့ရှိတယ်။ ခွင့်ပြုမိန့်တွေဘာတွေ ဘာမှ မတင်ဘူး။ ဖြစ်အောင်လုပ်မယ်။ ခြောက်နှစ်ပြည့်တဲ့အထိ အဖြစ်အပျက်တွေကို မမေ့ဘူး။ နှစ်တိုင်းလုပ်သွားမယ်” ဟု ရွှေဝါရောင်အရေးအခင်းတွင် ပါဝင်ခဲ့သည့် ပခုက္ကူဆရာတော် ဦးစိန္တိတက မိန့်သည်။

၂၀၀၇ ခုနှစ် စက်တင်ဘာလက ဖြစ်ပွားခဲ့သည့် စစ်အစိုးရဆန့်ကျင်ရေး အရေးအခင်းသည် ရွှေဝါရောင် တော်လှန်ရေး ဟု အမည်ပေးခဲ့သည်မှာ ထိုလူထုလှုပ်ရှားမှုကြီးကို သံဃာတော်များက ဦးဆောင်ခဲ့ ခြင်းဖြစ်သဖြင့် သံဃာတော်များ ၀တ်ရုံသည့် သင်္ကန်းအရောင်ကို အစွဲပြု၍မှည့်ခေါ်ကြခြင်းဖြစ်သည်။

မြန်မာစစ်အစိုးရသည် သံဃာတော်များ ဦးဆောင်သည့် ဆန္ဒပြလူအုပ်ကြီးကို ပစ်ခတ်နှိမ်နင်းရန် စစ်သားများအား ၂၀၀၇ ခုနှစ် စက်တင်ဘာ ၂၆ ရက်က အမိန့်ပေးခဲ့သည်။ စစ်အစိုးရ၏နှိမ်နင်းမှုကို စုံစမ်းစစ်ဆေးရန် လူ့အခွင့်အရေး အထူးကိုယ်စားလှယ်စေလွှတ်ခဲ့သည့် ကုလသမဂ္ဂအဖွဲ့ကြီး၏ အဆိုအရ ဤနှိမ်နင်းမှုတွင် အနည်းဆုံး ၃၁ ဦးသေဆုံး ခဲ့ပြီး၊ ထောင်ပေါင်းများစွာ အဖမ်းအဆီးခံရ၊ ထိန်းသိမ်းခံခဲ့ရသည်ဟု ဆိုပါသည်။

Mizzima - News in Burmese

No comments:

Post a Comment