Pages

Saturday, September 28, 2013

အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အထွေထွေ အတွင်းရေးမှူးချုပ်နှင့် ဝန်ကြီးများ မြန်မာနိုင်ငံလာမည်



28.9.2013

အစ္စလာမ်နိုင်ငံ ၅၀ ကျော်ဖြင့် ဖွဲ့စည်းထားသည့် အစ္စလာမ္မစ် ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (OIC) ၏ အထွေထွေ အတွင်းရေးမှူးချုပ်နှင့် အဆိုပါ အဖွဲ့ဝင် နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ ပါဝင်သည့် ဆက်ဆံရေး အဖွဲ့ မြန်မာနိုင်ငံရှိ မွတ်ဆလင် အသိုင်းအဝိုင်း အခြေအနေများကို လေ့လာရန် လာရောက်မည် ဖြစ်ကြောင်း OIC က ထုတ်ပြန်ထားသည်။

မြန်မာအစိုးရက အပြုသဘောဆောင်သည့် တုံ့ပြန်မှုများနှင့် မြန်မာနိုင်ငံသို့ လာရောက်ရန် ဖိတ်ခေါ်မှု များကြောင့် (၆၈) ကြိမ်မြောက်အဖြစ် ကျင်းပနေသည့် ကုလသမဂ္ဂ အထွေထွေ ညီလာခံ အစည်းအဝေးတွင် မြန်မာနိုင်ငံသို့ သွားရောက်ရန် ဆုံးဖြတ်ချက် ချခဲ့ခြင်း ဖြစ်ကြောင်း ယင်းသတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

OIC အဖွဲ့သည် ရခိုင်ပြည်နယ်နှင့် မွတ်ဆလင်များ နေထိုင်ရာ နေရာဒေသ များကို သွားရောက် လေ့လာမည်ဖြစ်ပြီး မွတ်ဆလင်များ တရားဥပဒေအရ အကာအကွယ်နှင့် အခွင့်အရေးများရရန်၊ ၎င်းတို့ ပိုင်ဆိုင်သည့်မြေများ ပြန်ရစေရန် မြန်မာအစိုးရနှင့် ပူးပေါင်း ဆောင်ရွက်မည် ဖြစ်ကြောင်း ယင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သို့သော်လည်း မြန်မာနိုင်ငံသို့ လာရောက်မည့် အချိန်ကာလကိုမူ ထုတ်ပြန်ထားခြင်း မရှိသေးပေ။

မြန်မာနိုင်ငံ၏ အခြေအနေများနှင့် ပတ်သက်၍ မြန်မာ အစိုးရနှင့် တွေ့ဆုံဆွေးနွေး လိုသည်ဟု OIC က ကမ်းလှမ်းထားသဖြင့် ယင်းကမ်းလှမ်းချက်ကို လက်ခံထားကြောင်း၊ OIC မြန်မာနိုင်ငံသို့ လာရောက်ရန် ညှိနှိုင်းဆဲ ကာလ ဖြစ်သဖြင့် အစီအစဉ် အသေးစိတ်ကို ထုတ်ပြန်ပြောဆို၍ မရသေးကြောင်း နိုင်ငံတော် သမ္မတ၏ ပြောရေး ဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။
“OIC က တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းတယ်။ မြန်မာဘက်ကလည်း ရှင်းပြနိုင်တဲ့အတွက် လက်ခံ ထားတယ်” ဟု ၎င်းကဆိုသည်။

OIC အဖွဲ့ မြန်မာနိုင်ငံသို့ လာရောက်မည့်ကိစ္စနှင့် ပတ်သက်၍ အဆိုပါအဖွဲ့နှင့် မြန်မာနိုင်ငံ နိုင်ငံခြား ရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့ စက်တင်ဘာလ ၂၆ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ရာ မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ရန် ဖိတ်ခေါ်ပြီး လူသားချင်းစာနာသည့် အကူအညီများပေးရန် ပြောဆိုခဲ့ကြောင်း OIC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရခိုင်ပြည်နယ်တွင် ရှိသည့် ရခိုင်နှင့် ဘင်္ဂါလီ နှစ်ဖက် လူ့အဖွဲ့အစည်း၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မျှမျှတတ ကူညီလျှင် OIC သာမက အခြားအဖွဲ့အစည်းများကိုပါ လက်ခံနိုင်ကြောင်း၊ နှစ်ဖက် လူ့အဖွဲ့အစည်းကို လူသားချင်း စာနာသည့် အကူအညီများ၊ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်ရန် လာရောက်ခြင်းဆိုလျှင် ကြိုဆိုသော်လည်း လူ့အဖွဲ့အစည်း တစ်ခုတည်းကို အကူအညီပေးရန် လာခြင်းဆိုပါက ပြည်သူက လက်ခံမည် မဟုတ်ကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးဦးလှစောက ပြောကြားသည်။
“ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို သုံးရင်တော့ ပြည်သူက လက်ခံမှာမဟုတ်ဘူး။ နိုင်ငံရေး အမြတ်ထုတ်ဖို့ လာတာဆိုရင်တော့ လက်ခံမှာ မဟုတ်ဘူး” ဟု ၎င်းကဆိုသည်။

Organisation of Islamic Cooperation (OIC) သည် ရန်ကုန် မြို့တော်နှင့် ရခိုင်ပြည်နယ်တို့တွင် ရုံးစိုက် မည်ဟု သတင်းများ ထွက်ပေါ်ခဲ့သဖြင့် မြန်မာနိုင်ငံ နေရာအနှံ့အပြားတွင် ၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းက ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ရာ နိုင်ငံတော် သမ္မတကလည်း OIC မြန်မာနိုင်ငံတွင် ရုံးစိုက်ခွင့်ပြုမည် မဟုတ် ကြောင်း ပြောဆိုလိုက်သည်။

OIC ကို အစ္စလာမ်နိုင်ငံ ၅၇ နိုင်ငံဖြင့် ၁၉၆၉ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည်။

The Voice Weekly

No comments:

Post a Comment