Pages

Monday, September 30, 2013

ရေကြီးရေလျှံမှုကြောင့် ပျက်စီးမှုများ ရှိနေသော်လည်း ပြည်ပသို့ အနည်းဆုံး ဆန်တန်ချိန်တစ်သန်း တင်ပို့နိုင်မည်ဟု စီးပွား/ကူးသန်း ပြည်ထောင်စုဝန်ကြီး ပြောကြား

30.9.2013

ယခုနှစ်အတွင်း ရေကြီးရေလျှံ မှုများကြောင့် ပျက်စီးမှုများ ရှိနေသော်လည်း ပြည်ပသို့ အနည်းဆုံး ဆန်တန်ချိန်တစ်သန်း တင်ပို့သွားမည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောကြားခဲ့သည်။

ပြည်ပသို့ ဆန်တင်ပို့ရာတွင် ယခင်ဘဏ္ဍာရေးနှစ်အတွင်း ဆန်တန်ချိန် ၁ ဒဿမ ၄ သန်း တင်ပို့နိုင်ခဲ့ကြောင်း၊ ယခုဘဏ္ဍာရေးနှစ်တွင်မှု ရေကြီးမှု၊ မိုးခေါင်မှုများကြောင့် ပျက်စီးမှုများ ရှိနေသော်လည်း အနည်းဆုံး ဆန်တန်ချိန်တစ်သန်း တင်ပို့နိုင်မည်ဟု ပြည်ထောင်စုဝန်ကြီးက ကုန်သည်စက်မှု အသင်းချုပ်၌ ပြောကြားခဲ့သည်။

"ဒီနှစ် ဆန်တင်ပို့တဲ့ နေရာမှာ ရေကြီးမိုးခေါင်တာတွေကြောင့် တချို့နေရာတွေမှာ တံစဉ်လွတ်တယ်။ တချို့နေရာတွေ မစိုက်ရ မပျိုးရဘူး။ အဲဒီအခြေအနေမျိုးမှာ ထိုင်းမှာလည်း ဆန်ပြဿနာတွေ ဖြစ်နေတယ်။ အခက်အခဲတွေ ဖြစ်နေချိန်မှာ မနှစ်ကဆိုရင် ၁ ဒသမ ၄ သန်းလောက် ပို့နိုင်ပါတယ်" ဟု ဦးဝင်းမြင့်က ဆိုသည်။

၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်သည် ၄၆ နှစ်အတွင်း ပြည်ပသို့ ဆန်တင်ပို့မှု အများဆုံးဖြစ်ပြီး ယခုဘဏ္ဍာရေးနှစ်အတွင်း ဆန်တန်ချိန်သုံးသန်း တင်ပို့နိုင်ရန် လျာထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံ လယ်စိုက်ဧကများ၏ ၈၅ ရာခိုင်နှုန်းသော စိုက်ဧကများသည် ရာသီဥတုပေါ် မှီခိုနေရသော်လည်း ရာသီဥတု ဖောက်ပြန်မှုများကြောင့် မိုးခေါင်၊ ရေရှားမှုများ ကြုံတွေ့နေရပြီး ယခုနှစ်ဆန် စပါးအထွက်နှုန်း ကျဆင်းလာခဲ့သည့်အပြင် ၁၅ ရာခိုင်နှုန်းခန့်သည် ဆည်ရေသောက် စိုက်ပျိုးနေရသော်လည်း ဆည်ရေသွင်းမြောင်းများ ကောခြင်းကြောင့် ခန့်မှန်းစိုက်ဧက၏ ထက်ဝက်ခန့်သာ ရေရရှိခဲ့ကြောင်း ဝေဖန်မှုများ ရှိခဲ့သည်။

သို့သော် လက်ရှိဆန်တင်ပို့မှု အများဆုံး နိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံမှ The Kasikom Research Centre က မြန်မာနိုင်ငံသည် ၂၀၁၅ ခုနှစ်တွင် ဆန်တန်ချိန် သုံးသန်းခန့် တင်ပို့နိုင်မည့် ကမ္ဘာ့အဓိက ဆန်တင်ပို့သည့်နိုင်ငံ ဖြစ်လာနိုင်သည်ဟု သုံးသပ်ထားပြီး၊ ၂၀၁၁ ခုနှစ်အတွင်း ပြည်ပသို့ ဆန်တန်ချိန် ၇၉၀၀၀၀ ကျော် တင်ပို့နိုင်ခဲ့ပြီး ကမ္ဘာ့ဆန်တင်ပို့မှု အများဆုံး ၁၀ နိုင်ငံစာရင်းတွင် အဆင့်ရှစ်နေရာ၌ ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။

Eleven

No comments:

Post a Comment