Pages

Sunday, September 22, 2013

ဗိုလ်တထောင် BOD နှင့် COD ဝင်း မြေပြန်တောင်းသူ အိုးအိမ်နှင့် ညှိနှိုင်းမည်

ရန်ကုန်၊ စက်တင်ဘာ ၂၁

ယုဇန၊ အေဒင်၊ ဝါဝါဝင်း ကုမ္ပဏီတို့က အိမ်ရာစီမံကိန်းများ ဆောက်လုပ်လျက်ရှိသော ဗိုလ်တထောင်မြို့နယ်၊ အမှတ် (၃) ရပ်ကွက်ရှိ BOD ဝင်းနှင့် COD ဝင်း မြေများကို ပြန်ပေးရန် တောင်းဆိုလျက်ရှိသော မူလမြေပိုင်ရှင်ဟု ဆိုသူများကို မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် စက်တင်ဘာလ ၂၃ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် တွေ့ဆုံညှိနှိုင်းရန် အကြောင်းကြားထားကြောင်း အဆိုပါဌာန၏ အကြောင်းကြားစာအရ သိရှိရသည်။

မူလမြေပိုင်ရှင်ဟု ဆိုသူများက ဆောက်လုပ်ရေး လုပ်ငန်းများကို ရပ်ဆိုင်း၍ မြေပြန်လည် အပ်နှံရန်၊ လက်ရှိ ကာလပေါက်ဈေး အတိုင်း မြေလျော်ကြေး ပေးချေရန် ညှိနှိုင်းမည် ဖြစ်ကြောင်း အဆိုပါမြေတွင် နှစ် ၉၀ ဂရန်ဖြင့် မြေပိုင်ဆိုင်သည်ဟုဆိုသူ ဦးစိုးကျော်သူက ပြောကြားသည်။

အဆိုပါ ညှိနှိုင်းပွဲတွင် ပြည်ထောင်စုလွှတ်တော် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများ မနစ်နာစေရရေး စုံစမ်းစစ်ဆေးရေး ကော်မရှင် အဖွဲ့ဝင်အချို့ ပါဝင်မည် ဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။

အဆိုပါ မြေပြန်လည် တောင်းခံသူများကို စက်တင်ဘာလ ၁၉ ရက်က ဗိုလ်တထောင်မြို့နယ် YMCA ခန်းမတွင် ပြည်ထောင်စု လွှတ်တော် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများ မနစ်နာစေရရေး စုံစမ်းစစ်ဆေးရေး ကော်မရှင် အဖွဲ့ဝင် ဦးအောင်သိန်းလင်း အပါအဝင် အဖွဲ့ဝင်နှစ်ဦးတို့ တွေ့ဆုံခဲ့ပြီး တစ်ရက်အကြာတွင် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနက ဆွေးနွေးရန် အကြောင်းကြားခြင်း ဖြစ်ကြောင်း ဦးစိုးကျော်သူက ပြောဆိုသည်။

BOD၊ COD ဝင်းမြေများကို ၁၉၂၃ခုနှစ်တွင် ဂရန်ထုတ်ပေးခဲ့ကာ ၁၉၉၃ တွင် မြေငှားစာချုပ် ပယ်ဖျက်ကြောင်း အကြောင်းကြားခဲ့ပြီး ၂၀၀၃ ခုနှစ်တွင် ရန်ကုန်မြို့တော် အိမ်ရာ စီမံကိန်းများ ကြီးကြပ်မှုကော်မတီ၏ စီစဉ်မှုဖြင့် ဝါဝါဝင်း၊ အေဒင်၊ ယုဇန၊ ပတ္တမြားနဂါး၊ ချစ်ကြည်ရေး ကုမ္ပဏီ ငါးခုတို့နှင့် အကျိုးတူ ပူးပေါင်း ဆောက်လုပ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ၂၀၀၆ ခုနှစ်တွင် စီမံကိန်း ရပ်ဆိုင်းခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် ကုမ္ပဏီများ၏ တင်ပြမှုကြောင့် သမ္မတ၏ ခွင့်ပြုချက်ဖြင့် ပြန်လည် ခွင့်ပြုပေးခဲ့ကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။


The Voice

No comments:

Post a Comment