သေဆုံးသူအလောင်းကို ကားပေါ်တင်ဆောင်နေပုံ (Credit: AFP)
Monday, October 14, 2013
အိန္ဒိယနိုင်ငံ အလယ်ပိုင်း Madhya Pradesh ပြည်နယ်မှာ ပြုလုပ်တဲ့ ဘာသာရေးပွဲတော်အတွင်း ဘုရားဖူးသူတွေ တိုးဝှေ့ပြီး တစ်ယောက်နဲ့တစ်ယောက် တက်နင်းမိကြရာက အနည်းဆုံး လူပေါင်း ၉၁ ယောက် သေဆုံးခဲ့ရပါတယ်။
ထောင်နဲ့ချီတဲ့ ဘုရားဖူးသူတွေ တံတားတစ်ခုပေါ် ဖြတ်ကျော်နေတုန်းက တံတားကျိုးတော့မယ်ဆိုတဲ့ အော်ဟစ်သံတွေ ထွက်ပေါ်လာပြီးနောက် အချင်းချင်းတက်နင်းမိကြရာက သေဆုံးခဲ့ကြသလို၊ တချို့လည်း တံတားပေါ်ကနေ ခုန်ဆင်းကြတဲ့အတွက် သေဆုံးကြတာ ဖြစ်ပါတယ်။
လူပေါင်း တစ်ရာကျော်လည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒီအကြောင်းနဲ့ ပတ်သက်ပြီး အဲဒီဖြစ်စဉ်ကို မျက်မြင်ကြုံတွေ့ခဲ့ရတဲ့ Atul Chaudhary က သူ့အနေနဲ့ တံတားထိပ် နားရောက်တဲ့အချိန်မှာ လူအမြောက်အများက တံတားကျိုးတော့မယ်၊ တံတားကျိုးတော့မယ်လို့ အော်ဟစ်ပြီး ထွက်ပေါက်ရှိရာကို ဦးတည်ထွက်ပြေးလာခဲ့ကြတယ်လို့ ဆိုပါတယ်။
သူတို့အနေနဲ့ ဘာလုပ်ရမှန်းမသိပဲ တွေဝေနေတဲ့အချိန်မှာပဲ တချို့လူတွေက တံတားအောက်မှာရှိတဲ့ မြစ်ထဲကို ခုန်ချခဲ့ကြတဲ့အကြောင်း ဒီလို အုပ်အုပ်သောင်းသောင်းဖြစ်ပြီး ငါးမိနစ်၊ ဆယ်မိနစ်အတွင်းမှာပဲ အားလုံးကငြိမ်သက် သွားပြီးနောက်ပိုင်း တံတားပေါ်မှာ လူသေအလောင်းတွေ တန်းစီနေတာကို တွေ့ခဲ့ရတယ်လို့ ပြောပြခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းကလည်း ဘာသာရေးဘုရားပွဲတစ်ခုအတွင်း အချင်းချင်းတက်နင်းမိရာက အနည်းဆုံး လူပေါင်း ၃၆ ယောက်သေဆုံးခဲ့ရပြီး ၂၀၁၁ ခုနှစ်တုန်းကကျင်းပတဲ့ ဘာသာရေးပွဲတော်တစ်ခုအတွင်းမှာလည်း လူပေါင်း ၁၀၀ ကျော် သေဆုံး ခဲ့ရသလို ၂၀၀၈ ခု စက်တင်ဘာလတုန်းက ကျင်းပတဲ့ ပွဲတော်တစ်ခုမှာလည်း အချင်းချင်း တိုးကြိတ်ကြရာကနေ လူပေါင်း ၂၂၄ ယောက် သေဆုံးတဲ့ ဖြစ်ရပ်တွေ ဖြစ်ခဲ့ဖူးပါတယ်။
ABC Radio Australia

No comments:
Post a Comment