ရန်ကုန်၊ အောက်တိုဘာ ၁၀
စက်တင်ဘာလအတွင်း ဥရောပ သုံးနိုင်ငံသို့ သွားရောက်ခဲ့သည် အမျိုးသား
ဒီမိုကရေစီ အဖွဲ့ချုပ် (NLD ပါတီ) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် EU Sakharov
လူ့အခွင့်အရေးဆုကို လက်ခံရန် ဥရောပ လေးနိုင်ငံသို့ ယခုလအတွင်းထပ်မံ သွားရောက်မည် ဖြစ်ကြောင်း နိုင်ငံခြား သတင်းဌာနများတွင် ဖော်ပြချက်များအရ သိရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် EU Sakharov လူ့အခွင့်အရေးဆုကို ၁၉၉၀ ခုနှစ်တွင်
ရရှိခဲ့ခြင်း ဖြစ်ပြီး အောက်တိုဘာ ၂၂ ရက် ဥရောပ ပါလီမန်တွင် လက်ခံမည်
ဖြစ်ကြောင်း ဥရောပ ပါလီမန်က ထုတ်ပြန် ထားသည်။
အဆိုပါခရီးစဉ်ကို
အောက်တိုဘာလ ၁၈ ရက်နေ့တွင် စတင်မည် ဖြစ်ပြီး ဗြိတိန်၊ ဘယ်လ်ဂျီယမ်၊
လူ့ဇင်ဘတ်နှင့် အီတလီ နိုင်ငံများသို့ သွားရောက်မည် ဖြစ်ကြောင်း NLD
ပါတီထံမှ သိရသည်။
အဆိုပါဆုကို ၁၉၉၀ ရွေးကောက်ပွဲတွင်
အနိုင်ရရှိခဲ့သောကြောင့် ဥရောပ ပါလီမန်က ပေးအပ်ခဲ့ခြင်း ဖြစ်ပြီး
တောင်အာဖရိက သမ္မတဟောင်း နယ်ဆင်မင်ဒဲလား၊ ကုလသမဂ္ဂ အထွေထွေ အတွင်း
ရေးမှူးချုပ် ကိုဖီအာနန်တို့လည်း ယင်းဆုကို ရရှိဖူးကြောင်း ဥရောပ ပါလီမန်၏
ထုတ်ပြန်ချက်များအရ သိရသည်။
အဆိုပါဆုမှာ ဆုတံဆိပ်နှင့် ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၆၅၀၀၀ ပေးအပ်မည် ဖြစ်ကြောင်း ဥရောပသမဂ္ဂ၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၃ ခုနှစ်အတွင်း အမေရိကန်ပြည်ထောင်စု၊ ဂျပန်၊
ကိုရီးယား၊ မွန်ဂိုလီးယားနှင့် စက်တင်ဘာ ဒုတိယပတ်အတွင်း
ဥရောပနိုင်ငံများသို့ သွားရောက်ခဲ့သည်။

No comments:
Post a Comment