Pages

Saturday, October 12, 2013

မသင်မနေရ မူလတန်းကြိုတန်းတွင် ငြိမ်းချမ်းရေး ပညာပေး သင်ရိုး ပြဋ္ဌာန်းမည်


Saturday, October 12, 2013

ပညာရေးဝန်ကြီးဌာနက ထပ်တိုး ဖွင့်လှစ်မည့် မသင်မနေရ မူလတန်းကြို သင်တန်း၌ ငြိမ်းချမ်းရေး အခြေပြု သင်ရိုးညွှန်းတမ်း စာအုပ်များ ပြဋ္ဌာန်းသွားမည် ဖြစ်ကြောင်း အဆိုပါ ပြဋ္ဌာန်း စာအုပ်များ ဖြစ်မြောက်ရေးအတွက် ငွေကြေးနှင့် နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးခဲ့သော ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) က အောက်တိုဘာလ ၁၁ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

နိုင်ငံတစ်ဝန်းက စာသင်ကျောင်းတိုင်းကို ဖြန့်ဝေမည့် အဆိုပါ ပြဋ္ဌာန်းစာအုပ်များတွင် ကလေးသူငယ် အချင်းချင်း ငြိမ်းချမ်းစွာ နေထိုင်နည်း၊ တစ်ဦးနှင့်တစ်ဦး မတူညီမှုများကို ညှိနှိုင်း ဆောင်ရွက်နည်းနှင့် ငြိမ်းချမ်းရေး တည်ဆောက်နည်းတို့ကို ထည့်သွင်း ရေးဆွဲထားကြောင်း ပြဋ္ဌာန်းစာအုပ် ရေးဆွဲရာတွင် ပါဝင်ခဲ့သော အရပ်ဘက် အဖွဲ့အစည်းများထံက သိရသည်။
“ကလေးငယ်တွေက ငယ်စဉ်ထဲက ငြိမ်းချမ်းရေး အသိစိတ် ရသွားရင် အားလုံး ညီညီညွတ်ညွတ်နဲ့ နေသွားနိုင်မယ်” ဟု UNICEF မှ ပညာရေးအကြံပေး Ms. Barbara Kolucki က The Voice သို့ ပြောကြားသည်။

လက်ရှိအချိန်တွင် ယင်းပြဋ္ဌာန်း စာအုပ်များသည် မူကြမ်းအဆင့်ထိသာ ရှိသေးပြီး ယင်းမသင်မနေရ မူကြိုသင်တန်း မဖွင့်လှစ်မီ ရေးဆွဲသွားမည် ဖြစ်ကြောင်း ယင်းစာအုပ် အားလုံးကို ပညာရေးဝန်ကြီး ဌာနထံ ပံ့ပိုးသွားမည် ဖြစ်ကြောင်း UNICEF မှ ပြန်ကြားရေး တာဝန်ခံတစ်ဦးက ပြောဆိုသည်။
“သင်မယ့် ရည်ရွယ်ချက်ရှိတာ ကောင်းတယ်။ ဒါပေမဲ့ အစပိုင်းမှာ ဆရာ၊ ဆရာမတွေရဲ့ အရည်အသွေးပိုင်းမှာ အခက်အခဲတွေ ရှိနိုင်မယ်” ဟု ပညာရေး သုတေသီ ဒေါက်တာသိန်းလွင်က ဆိုသည်။

ယင်းအပြင် ငြိမ်းချမ်းရေး ဘာသာရပ်များကို သင်ကြားမည့်ဆရာ၊ ဆရာမများသည် ဘက်လိုက်မှု မရှိဘဲ မျှတစွာ သင်ကြားပေးရန် လိုအပ်ကြောင်း၊ အသက်ငယ်ရွယ် လွန်းသော ကလေးငယ်များ ဖြစ်သောကြောင့် ယင်းပြဋ္ဌာန်း စာအုပ်များကို သင်ကြားနည်းစနစ်များ သီးသန့်သုံးစွဲ သင်ကြားသင့်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

မြန်မာနိုင်ငံတွင် မသင်မနေရ မူလတန်းကြို ပညာရေးကို လာမည့် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် အကောင်အထည်ဖော်ရန် စီစဉ်ထားပြီး ကျောင်းဝင်ခွင့် အသက်ကိုလည်း ငါးနှစ် သတ်မှတ်သွားရန် စီစဉ်ထားကြောင်း ပညာရေးဝန်ကြီးဌာနထံမှ သိရသည်။

ပညာရေးဝန်ကြီးဌာန၏ အခြေခံပညာ ဖွဲ့စည်းပုံစနစ်သည် ယခုအချိန်တွင် သူငယ်တန်း (KG)+၄-၄-၂ စနစ်ဖြစ်ပြီး အာဆီယံဒေသတွင်း နိုင်ငံများနှင့် လိုက်လျော ညီထွေမှု ဖြစ်စေရန် သူငယ်တန်း (KG)+၅-၄-၃ စနစ်အဖြစ် ပြောင်းလဲသွားမည် ဖြစ်ကြောင်း ပညာရေး ဒုတိယဝန်ကြီး ဒေါက်တာစန်းလွင်က အောက်တိုဘာလဆန်းပိုင်း ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် ဖြေကြားခဲ့သည်။

The Voice Weekly

No comments:

Post a Comment