Pages
▼
Tuesday, October 22, 2013
အာဆီယံ လူထုအခြေပြု ဆွေးနွေးပွဲများကျင်းပဖို့ ဆုံးဖြတ်
22-10-2013
အရှေ့တောင်အာရှနိုင်ငံများ (အာဆီယံ) အသင်းဝင်နိုင်ငံများရဲ့ ထိပ်သီးဆွေးနွေးပွဲတွေနဲ့အပြိုင် အာဆီယံ လူထုအခြေပြု ဆွေးနွေးပွဲတွေကို လာမယ့် ၂၀၁၄ ခုနှစ်ထဲမှာ ကျင်းပသွားမယ်လို့ ရန်ကုန်မြို့မှာ ၂ ရက်တာကျင်းပတဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေရဲ့ အကြိုဆွေးနွေးပွဲမှာ ဆုံးဖြတ်လိုက်ကြပါတယ်။
ရန်ကုန်မြို့ Crystal Jade စားသောက်ဆိုင်မှာ အောက်တိုဘာလ ၂၀ရက်နေ့ကနေ ၂၁ ရက်နေ့အထိ ၂ ရက်ကြာကျင်းပတဲ့ အရှေ့တောင်အာရှနိုင်ငံတွေက အရပ်ဖက်လူမှုအဖွဲ့အစည်းတွေရဲ့ ကိုယ်စား လှယ်တွေ တက်ရောက်တဲ့ ဆွေးနွေးပွဲကနေ ခုလိုဆုံးဖြတ်လိုက်တာပါ။
အာဆီယံ လူထုအခြေပြုဆွေးနွေးပွဲတွေကို လာမယ့်ဧပြီလအတွင်း ကျင်းပဖို့ရှိနေတယ်လို့ အာဆီယံ လူထုအခြေပြုဆွေးနွေးပွဲကျင်းပရေး ဦးဆောင်ကော်မတီအဖွဲ့ဝင် ဒေါ်မေမေပြုံးက RFA ကို ခုလို ပြောပါတယ်။
“အာဆီယံ ထိပ်သီးအစည်းအဝေးရဲ့ နှစ်ရက်၊ သုံးရက်လောက်စောပြီးလုပ်တယ်၊ ပြီးရင် အာဆီယံ ထိပ်သီး ညီလာခံလုပ်တယ်ပေါ့၊ မြန်မာနိုင်ငံမှာ အာဆီယံထိပ်သီး ညီလာခံကို မေလထဲမှာ လုပ်မယ်ပေါ့နော်၊ အဲဒီထိပ်သီးအစည်းအဝေးမတိုင်ခင်မှာ လုပ်ဖို့ရှိတယ်ပေါ့နော်၊ ရက်ကတော့ အတိအကျမသိသေးဘူး”
ဒါ့အပြင် အာဆီယံ လူထုအခြေပြုဆွေးနွေးပွဲတွေမှာ အာဆီယံနိုင်ငံတွေအတွင်း ကြုံတွေ့နေ ရတဲ့ ပြဿနာ ရပ်တွေ၊ လူ့အခွင့်အရေး ကိစ္စရပ်တွေကိုပါ ဆွေးနွေးကြမှာဖြစ်တဲ့အတွက် အဲဒီဆွေးနွေးပွဲ ကနေ အကျိုးကျေးဇူးတွေ ရရှိနိုင်မှာဖြစ်တယ်လို့ Equality Myanmar လူမှုရေးအဖွဲ့စည်းမှ ဦးအောင်မျိုးမင်းက ပြောပါတယ်။
“workshop တိုင်း ခေါင်းစဉ်ကို ကြည့်မယ်ဆိုရင်တော့ ကျနော်တို့ မြန်မာနိုင်ငံနဲ့ ကင်းလွတ်တဲ့ခေါင်းစဉ် မရှိဘူးခင်ဗျ၊ အကုန်လုံးက ပတ်သက်နေတာပဲ၊ ဒီ workshop တွေမှာ မြန်မာနိုင်ငံရဲ့ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို ပြနိုင်မယ်ဆိုလို့ရှိရင်လည်း ဒေသဆိုင်ရာကိစ္စတွေမှာ ကျနော်တို့တိုင်းပြည်ဟာ ဆက်လက်ပြီးတော့ တချို့နေရာတွေမှာ ဒါတွေရှိနေတယ်၊ တချို့နေရာမှာတော့ ဘာတွေပြောင်းလဲ သွားတယ် ဆိုတာကတော့ ပွင့်ပွင့်လင်းလင်း တင်ပြနိုင်တဲ့အခွင့်အရေး နှစ်ခုရရှိပါလိမ့်မယ်”
အာဆီယံဒေသတွင်းက ပြည်သူလူထုရဲ့အသံတွေကို ဖလှယ်နိုင်ဖို့အတွက် ရည်ရွယ်ပြီးကျင်းပတဲ့ ဒီဆွေးနွေးပွဲကနေရရှိတဲ့ အကြံပြုချက်တွေကို အာဆီယံအစိုးရတွေဆီ တင်ပြသွားမှာဖြစ်တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ရဲ့ အလှည့်ကျ ဥက္ကဌတာဝန်အဖြစ် လာမယ့် ၂၀၁၄ ခုနှစ်မှာ တာဝန်ယူမှာဖြစ်ပြီး ၂၀၁၄ ခုနှစ် မေလ ၄ ရက်မှာ အာဆီယံထိပ်သီးညီလာခံ ကို မြန်မာနိုင်ငံမှာ ကျင်းပမှာဖြစ်ပါတယ်။
RFA

No comments:
Post a Comment