23-10-2013
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ယခုနှစ် ၂၀၁၃ ခုနှစ်တွင် ခရီးသည် ၂ ဒသမ ၃ သန်း ၀င်ရောက်မည်ဟု ခန့်မှန်းထားကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးတင်နိုင်ထွန်းက ပြောကြားခဲ့သည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ခရီးသွား ၀င်ရောက်မှုသည် ၂၀၁၀
ပြည့်နှစ်မှ စတင်ကာ တဖြည်းဖြည်း တိုးတက်လာခဲ့ပြီး၊ ၂၀၁၁ ခုနှစ်တွင်
နိုင်ငံခြားသား ခရီးသည် ၁ ဒသမ ၄၅ သန်းနှင့် ပြည်တွင်းခရီးသည် တစ်သန်း၊ ၂၀၁၂
ခုနှစ်တွင် နိုင်ငံခြားသား ခရီးသည် ၁ ဒသမ ၉ သန်းနှင့် ပြည်တွင်းခရီးသည် ၁
ဒသမ ၁ သန်း ၀င်ရောက်ခဲ့သည်။ သို့ဖြစ်၍ ၂၀၁၁ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၂၀၁၂
ခုနှစ်တွင် နိုင်ငံခြားသား ခရီးသည် ၀င်ထွက်မှု ၂၄ ရာခိုင်နှုန်း၊
ပြည်တွင်းခရီးသည် ၀င်ထွက်အသုံးပြုမှု ၁၀ ရာခိုင်နှုန်းကျော်
တိုးတက်ခဲ့ကြောင်း သိရသည်။
သို့ဖြစ်၍ ယခုနှစ် ၂၀၁၃ ခုနှစ်တွင်လည်း
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ပြည်တွင်းပြည်ပ ခရီးသွား ၀င်ရောက်မှု ၂
ဒသမ ၃ သန်းရှိပြီး၊ ရာခိုင်နှုန်းအားဖြင့် ၂၆ ရာခိုင်နှုန်း တိုးတက်မည်ဟု
ခန့်မှန်းခြင်းဖြစ်သည်။ "ရန်ကုန်လေဆိပ်ကနေ ခရီးသွား ၀င်ရောက်မှုက ၂၀၁၀
ပြည့်နှစ် နောက်ပိုင်းကစပြီး တိုးလာနေပါတယ်။ အခု ၂၀၁၃ ခုနှစ်မှာလည်း
ခရီးသည် ၂ ဒသမ ၃ သန်း ၀င်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။
ခန့်မှန်းချက်လည်း ပြည့်လုနီးနေပါပြီ" ဟု လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု
ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ချုပ်ဦးတင်နိုင်ထွန်းက ပြောကြားသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလမှ စက်တင်ဘာလအထိ
ကိုးလတာ ကာလအတွင်း စုစုပေါင်း ခရီးသွားဦးရေ ငါးသိန်းနီးပါး စံချိန်တင်
ဝင်ရောက်ခဲ့သည်။
၂၀၁၁ ခုနှစ်အတွင်း နိုင်ငံရေး နယ်ပယ်မှ
အပြောင်းအလဲများပေါ်တွင် မူတည်၍ ခရီးသွားများ စိတ်ဝင်စားမှု ဆက်လက်မြင့်တက်
လာခဲ့ကာ ၂၀၁၁ ခုနှစ်မှ စတင်၍ ရန်ကုန်လေဆိပ်သို့ နိုင်ငံခြားသား ခရီးသွား
ဝင်ရောက်မှုနှင့် ပြည်တွင်းလေဆိပ်မှ ခရီးသည် ၀င်ရောက်မှုများတွင် တစ်သန်းစီ
အသီးသီး ကျော်လွန်ခဲ့သည်။
EMG
No comments:
Post a Comment