၁၇.၁၀.၂၀၁၃၊ ကြာသပတေးနေ့
ပြည်သူ့လွှတ်တော်တွင် မကြာမီ ဆွေးနွေးတော့မည့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥပဒေကြမ်းနှင့် ပတ်သက်ပြီး လူထုအခြေပြု အဖွဲ့အစည်းများ၏ သုံးသပ်အကြံပြုချက်အား တင်ပြဆွေးနွေးရန် အရပ်ဘက် လူ့အဖွဲ့အစည်း ကိုးခုမှ ကိုယ်စားလှယ် ၁၀ ဦးတို့သည် အောက်တိုဘာ ၁၅ ရက်က လွှတ်တော် ဥပဒေကြမ်းကော်မတီနှင့် နေပြည်တော် လွှတ်တော်ဝင်းအတွင်းရှိ ဇဗ္ဗူသီရိဆောင်တွင် သုံးနာရီကြာ တွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။
ထိုတွေ့ဆုံပွဲသို့ ဥပဒေကြမ်း ကော်မတီ၊ လူ့အခွင့်အရေး ကော်မတီနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၆၀ ဦးတို့ တက်ရောက်ခဲ့ကာ အရပ်ဘက် လူ့အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက လက်ရှိဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လူထုအခြေပြု အဖွဲ့များ၏ လုပ်ဆောင်ချက်များအား ရှင်းလင်းခဲ့ပြီး နိုင်ငံတကာမှ အသုံးပြုနေသည့် ပဲရစ် မူဝါဒအကြောင်းကို ဦးအောင်မျိုးမင်းက တင်ပြကာ လက်ရှိ ဥပဒေကြမ်းနှင့် ပတ်သက်ပြီး အဆိုပြုချက်များကို မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်မှ ဦးကြီးမြင့်နှင့် ACT အဖွဲ့မှ ဦးအောင်ဇော်ထွေးတို့က တင်ပြခဲ့သည်။ ဥပဒေပါ အချက်ဖြစ်သည့် ကော်မတီဝင် ကိုးဦးမှ ၁၅ ဦးအထိ ထားရှိရန်နှင့် ကော်မတီဝင်များအဖြစ် တရားသူကြီးချုပ်၊ ရှေ့နေချုပ်၊ လူမှုဝန်ထမ်း ၀န်ကြီး၊ လွှတ်တော် ကိုယ်စားလှယ်နှစ်ဦးနှင့် အရပ်ဘက် လူထုအခြေပြု အဖွဲ့အစည်းမှ တစ်ဦးစသည်ဖြင့် ပါဝင်ပြီး အရပ်ဘက် လူထုအခြေပြု အဖွဲ့အစည်း၏ ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရသူမှာ မှတ်ပုံတင် ရရှိထားသည့် NGO မှဖြစ်ရမည်ဟု ပါရှိသည်။ ထိုအချက်နှင့် ပတ်သက်ပြီး Myanmar Foundation မှ မနန္ဒာက ၎င်းတို့အနေနှင့် လူထုအခြေပြု အဖွဲ့အစည်းမှ ကိုယ်စားလှယ်တစ်ဦး ဆိုသည်မှာ နည်းလွန်းလှသဖြင့် နှစ်ဦးပြင်ဆင်ပေးရန်နှင့် မှတ်ပုံတင် ရရှိထားသည့် NGO မှဆိုသည့် သတ်မှတ်ချက်အစား NGO များမှ သဘောတူ ရွေးချယ်ထားသည့် ကိုယ်စားလှယ်ဟု ပြင်ဆင်ပေးရန်တို့ကို ဆွေးနွေးခဲ့သည်ဟု ပြောကြားသည်။
ထို့ပြင် ဥပဒေ၌ ရည်ရွယ်ချက်မပါရှိသောကြောင့် ရည်ရွယ်ချက် ထည့်သွင်းပေးရန်နှင့် မြန်မာနိုင်ငံအနေနှင့် လူ့အခွင့်အရေးအား မည်ကဲ့သို့ အဓိပ္ပာယ် သတ်မှတ်မည်နည်းဟု ဆွေးနွေးခဲ့သည်။ ထို့အပြင် ကော်မတီထဲတွင် အမျိုးသမီး ကိုယ်စားလှယ်များ၊ တိုင်းရင်းသား လူနည်းစု ကိုယ်စားလှယ်များ ပါဝင်နိုင်စေရန်အတွက် လိုအပ်ကြောင်းကိုလည်း အကြံပြုခဲ့သည်ဟု ပြောကြားသည်။
Eleven Media Group
No comments:
Post a Comment