Pages

Friday, October 11, 2013

ဦးကျော်ဆန်း ၀ဋ်လည်ပြီလား


_____________________________________

ရန်ကုန်၊ အောက်တိုဘာ ၁၁

အစိုးရအဖွဲ့ ပြည်ထောင်စု ၀န်ကြီးအချို့၏ သတင်းများကို နိုင်ငံပိုင် သတင်းစာ များဖြစ်သော ကြေးမုံနှင့် မြန်မာ့အလင်း၊ မြန်မာ့ ရုပ်မြင်သံကြား ပြည်တွင်း သတင်းတို့တွင် ဖော်ပြရာ၌ မလျော်မကန် တည်းဖြတ်ခြင်း ခံရကြောင်း အစိုးရအဖွဲ့ ပြည်ထောင်စု ၀န်ကြီး အချို့က မြန်မာ သံတော်ဆင့်သို့ ထုတ်ဖော် ပြောကြားသည်။

တည်းဖြတ်ခြင်းခံရသော ပြည်ထောင်စု ၀န်ကြီးများတွင် ယခင်က စစ်အစိုးရမှသည် သမ္မတဦးသိန်းစိန် အစိုးရသစ် လက်ထက် တိုင်အောင် ပြန်ကြားရေး ၀န်ကြီးဌာန ၀န်ကြီးအဖြစ် နှစ်ရှည်လများ တာဝန် ထမ်းဆောင်ခဲ့သည့် သမ၀ါယမ ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းလည်း ပါဝင်ပြီး၊ ၎င်း၏ အခြေခံ လူတန်းစား ပြည်သူများအတွက် သမ၀ါယမကဏ္ဍ လုပ်ငန်းပြန်လည် တိုးတက်အောင် ဆောင်ရွက်နေသည့် ပြောကြားချက်များ၊ သတင်းများကို နိုင်ငံပိုင် သတင်းစာများက မဖော်ပြဘဲ ၎င်းတို့၏ သဘောဖြင့် တည်းဖြတ်ပြီး သတင်းဖော်ပြ ခဲ့ကြောင်း သမ၀ါယမ ၀န်ကြီးရုံးမှ သတင်းရရှိသည်။

ထိုကဲ့သို့ ပြန်ကြားရေး ၀န်ကြီးဌာန၊ မြန်မာ့ရုပ်မြင်သံကြားနှင့် အစိုးရ သတင်းစာတိုက်များ၊ မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲ (ယခင် စာပေစိစစ်ရေး) တို့အပေါ် နှစ်ရှည်လများ ချုပ်ကိုင်၍ သြဇာလွှမ်းမိုးမှု ရှိသည့် ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်း၏ ပြည်သူ့အကျိုးပြု သတင်းများကိုပင် တည်းဖြတ်ကာ နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြခဲ့သည်တို့မှာ နေရာမပေးနိုင်၍ ဖြစ်နိုင်ကြောင်း၊ မိမိ နားလည်ပေး နိုင်ပါကြောင်း၊ သို့သော်လည်း ပြည်သူအများ သိသင့်သော ပြည်သူ့အကျိုးပြု ကဏ္ဍများနှင့် သမ၀ါယမ ကိစ္စရပ်များကို တည်းဖြတ်ခဲ့ခြင်းမှာ မဖြစ်သင့်ကြောင်း … ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက မြန်မာသံတော်ဆင့် အယ်ဒီတာ နှင့်တွေ့ဆုံစဉ် ထုတ်ဖော် ပြောကြားခဲ့ဖူးသည်။

ယခုသီတင်းပတ်အတွင်း သာသနာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်နှင့် နိုင်ငံတော် အကြံပေး ဦးအံ့မောင်တို့ ဧရာဝတီတိုင်းဒေသကြီးသို့ သွားရောက်၍ ဒေသဖွံ့ဖြိုးရေးနှင့် သာသနာရေးဆိုင်ရာ ကိစ္စရပ်များ၊ မြွေဆိပ်ဖြေဆေး လှူဒါန်းခြင်းနှင့် ဒေသခံပြည်သူများအား အာဆီယံ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုအဖွဲ့ မင်းသားကြီး နန်းဝင်း အပါအ၀င် အဖွဲ့လိုက် ပါဝင်ပြီး ဖျော်ဖြေခဲ့ခြင်းများ စသည်တို့ကို မြန်မာအသံနှင့် ရုပ်မြင်သံကြား သတင်းများ၌ အပြည့်အစုံ ဖော်ပြပေးခြင်း မရှိဘဲ သာမန် အလှူအတန်း သတင်းမျှသာ ဖော်ပြခဲ့ကြောင်း နေပြည်တော် သာသနာရေးဝန်ကြီး ဌာနရုံးအဖွဲ့ တာဝန်ရှိသူတစ်ဦးက မြန်မာသံတော်ဆင့်သို့ ပြောကြားသည်။

ထိုကဲ့သို့ အစိုးရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ၏ သတင်းများကိုပင် တည်းဖြတ် ဖော်ပြပေးခြင်း သာမက နေပြည်တော်ရှိ လွှတ်တော် အစည်းအဝေး သတင်းများတွင်လည်း နိုင်ငံပိုင် မီဒီယာများက တည်းဖြတ်ဖော်ပြ ကြောင်း အထူးသဖြင့် အတိုက်အခံ NLD ပါတီ ကိုယ်စားလှယ်များနှင့် အစိုးရအပေါ် ဝေဖန်သည့် ဆွေးနွေးချက် များကို တည်းဖြတ်ခဲ့ခြင်းများ ရှိကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အချို့က မြန်မာ သံတော်ဆင့်သို့ ပြောကြားသည်။

လက်ရှိ ပြည်ကြားရေး ၀န်ကြီးဌာနတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ်မှာ ဦးတင့်ဆွေ (ယခင်စာပေစိစစ်ရေးမှ ဒုညွှန်ချုပ်/ အကြီးအကဲ) ဖြစ်ပြီး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်မှာ ဦးရဲတင့်တို့ ဖြစ်ကြသည်။

နိုင်ငံပိုင် သတင်းစာများတွင် အစိုးရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး အချို့၏ သတင်းများကို တည်းဖြတ် ခံရခြင်းနှင့် စပ်လျဉ်း၍ အစိုးရအဖွဲ့ရုံး တာဝန်ရှိသူတစ်ဦးက အစိုးရအဖွဲ့တွင် အယူအဆ သဘောထား မတူညီသော အုပ်စုများ ကွဲပြားနေခြင်း ဖြစ်ကြောင်း၊ ၃ ယောက် တစ်ဖွဲ့၊ ၄ ယောက် တစ်ဖွဲ့၊ ၂ ယောက် တစ်ဖွဲ့၊ ၁ ယောက် တစ်ဖွဲ့ ဖြစ်နိုင်ကြောင်း၊ မည်သို့ပင် အုပ်စု ကွဲနေစေကာမူ တိုင်းပြည်အတွက် အမှန်တကယ် အလုပ်လုပ်သင့်ကြောင်း၊ ဝေဖန်မှုများကို ရန်လိုနေမည့် အစား မိမိတို့၏ သမိုင်းကြောင်း ကောင်းဖို့ မိမိတို့လုပ် ဆောင်ခဲ့ကြရန်သာ လိုအပ်ကြောင်း၊ နိုင်ငံပိုင် သတင်းစာများတွင်လည်း ကျင့်ဝတ် ဖောက်ဖျက်သော လုပ်ရပ်များကို ပြန်လည် စိစစ် ဆင်ခြင်သင့်ပြီ ဖြစ်ကြောင်း သုံးသပ် ပြောကြားခဲ့သည်။

Myanmartandawsint Newspaper

No comments:

Post a Comment