Pages
▼
Wednesday, October 30, 2013
မြန်မာနိုင်ငံတွင် ဘာသာပေါင်းစုံ ဆွေးနွေးမှုများ ပြုလုပ်ပေးရန် ပုပ်ရဟန်းမင်းကြီး တိုက်တွန်း
ရန်ကုန်၊ အောက်တိုဘာ ၂၉
လူမျိုးရေးနှင့် ဘာသာရေး အသွင်ဆောင် ပဋိပက္ခများ ဖြစ်ပွားခဲ့သော မြန်မာနိုင်ငံတွင် ဘာသာပေါင်းစုံ ပါဝင်နိုင်သော ဘာသာရေးဆိုင်ရာ ဆွေးနွေးပွဲများ ပြုလုပ်ပေးရန် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံစဉ် တိုက်တွန်း ပြောကြားသည်။
အောက်တိုဘာလ ၂၈ ရက်နေ့တွင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ အီတလီနိုင်ငံ ဗာတီကန်နန်းတော်၌ တွေ့ဆုံစဉ် ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
“လူသားတွေအပေါ် မေတ္တာတရားနဲ့ နားလည်မှု ပေးနိုင်ခြင်းက လှပတဲ့ကမ္ဘာ တစ်ခုကိုဖန်တီးပေးနိုင်မှာပါ” ဟု ဘုန်းတော်ကြီး ဖရန်စစ်က ပြောကြားခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတကာ သတင်း မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်သည် အီတလီနိုင်ငံသို့ အောက်တိုဘာလ ၂၇ ရက် နေ့တွင် ရောက်ရှိခဲ့ပြီး ၎င်း၏ ခရီးစဉ်အတွင်း အီတလီ နိုင်ငံခြားရေးဝန်ကြီး Emma Bonino၊ အီတလီ သမ္မတ Giorgio Napolitano တို့နှင့် တွေ့ဆုံခဲ့သည်။
ယင်းသို့ တွေ့ဆုံရာတွင် အီတလီ နိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှု လုပ်ငန်း စဉ်များတွင် အီတလီ အစိုးရအနေနှင့် အထောက်အပံ့များ ပေးအပ် မည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ တွင် အီတလီ စီးပွားရေးလုပ်ငန်းများ ရင်းနှီးမြှုပ်နှံရန်လည်း အထူး စိတ်ဝင်စားကြောင်း ပြောကြားခဲ့သည်။
ငြိမ်းချမ်းရေး ကြိုးပမ်းသူများအတွက် အီတလီအစိုးရက ချီးမြှင့်သော ဂုဏ်ထူးဆောင် ရောမနိုင်ငံသား ဆုကို မြို့တောဝန် Ignazio Marino က ဒေါ်အောင်ဆန်းစုကြည်အား ရောမ မြို့တော်ခန်းမ၌ ဂုဏ်ပြု အခမ်းအနားဖြင့် အောက်တို ဘာလ ၂၇ ရက်နေ့တွင် ချီးမြှင့်ခဲ့သည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ၎င်း၏ ဒုတိယအကြိမ် ဥရောပ ခရီးစဉ်များကို အောက်တိုဘာလ ၁၈ ရက်နေ့မှ စတင်ခဲ့ပြီး ပြင်သစ်နိုင်ငံ အခြေစိုက် အီးယူ ပါလီမန်က ချီးမြှင့်သည့် Sakharov လူ့အခွင့်အရေးဆုကို လက်ခံရယူခဲ့သည်။
The Voice

No comments:
Post a Comment