Pages

Thursday, October 31, 2013

စာသင်ကျောင်းများ အနီးတစ်ဝိုက် ဆေးလိပ်ဆိုင် ၁၀ ဆိုင် ပိတ်သိမ်းရန် သတိပေး


Thursday, October 31, 2013

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်အတွင်း စာသင်ကျောင်း ခုနစ်ကျောင်း အနီးတစ်ဝိုက်ရှိ ဆေးလိပ် အရောင်းဆိုင် ၁၀ ဆိုင်ကို ပိတ်သိမ်းရန် စားသုံးသူ ကာကွယ်ရေးအသင်းက အောက်တိုဘာလ ၃၀ ရက်နေ့တွင် လိုက်လံ နှိုးဆော်ခဲ့ကြောင်း အဆိုပါအသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က The Voice သို့ ပြောကြားသည်။

ယင်းဆေးလိပ် အရောင်းဆိုင်များသည် စာသင်ကျောင်း၏ ကိုက်တစ်ရာ ပတ်လည်တွင် တည်ရှိသော ဆိုင်များဖြစ်ကြောင်း၊ ပထမအဆင့်အနေနှင့် သတိပေး ပိတ်သိမ်းမှုပြီးပါက ဆေးလိပ်နှင့် ဆေးရွက်ကြီး ထွက် ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေး ဥပဒေအတိုင်း အရေးယူသည်အထိ ဆောင်ရွက်ရန် ရှိကြောင်း ၎င်းကဆက်လက် ပြောဆိုသည်။

ယင်းအပြင် ပိတ်သိမ်းခိုင်းသည့် ဆိုင်များတွင် ‘အသက် ၁၈ နှစ်အောက် ကလေးသူငယ်များကို ဆေးလိပ် လုံးဝမရောင်းပါ’၊ ‘ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်သည်’ ဆိုသည့် စာတန်းပါ စတေကာများကို ကပ်ခဲ့ကြောင်း၊ တစ်ပတ်တစ်ကြိမ် လိုက်လံ စစ်ဆေးသွားရန် စီစဉ် ထားကြောင်း ဦးဗအုပ်ခိုင်က The Voice သို့ ပြောကြားသည်။“ဥပဒေအရ အရေးယူမယ် ဆိုရင်တော့ ပထမဆုံး ပညာပေးတဲ့အဆင့် အရင်လုပ်သင့်တာပေါ့” ဟု ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါက်တာသန်းစိန်က အကြံပြု ပြောဆိုသည်။

ဆေးလိပ် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေး ဥပဒေအရ ဆေးလိပ်သောက်ခွင့် မရှိသော နေရာများတွင် ကျောင်း ပတ်ဝန်းကျင်လည်း ပါဝင်သည့်အတွက် ကျောင်းအုပ်များကို ပညာရေးဝန်ကြီးဌာနက ညွှန်ကြားချက်များရှိရာ ကျောင်း ပတ်ဝန်းကျင်တွင် ဆေးလိပ်ရောင်းနေသောဆိုင် မရှိစေရန် ကျောင်းအုပ်များကလည်း ဆောင်ရွက်ရန် လိုကြောင်း ၎င်းက ပြောကြားသည်။

အဆိုပါ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေး ဥပဒေတွင် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်နှင့် သိပ္ပံတို့၏ သင်ကြားရေးခန်းမနှင့် ရုံးခန်းများတွင် ဆေးလိပ် သောက် သုံးမှုကို တားမြစ်ထားကြောင်း၊ ပထမအဆင့် ကျူးလွန်ပါက ပညာပေးခြင်း၊ အုပ်ထိန်းသူထံ သတိပေးခြင်းတို့ ပြုလုပ်နိုင်ပြီး ဒုတိယအဆင့် ထပ်မံကျူးလွန်လျှင် သတ်မှတ်ထားသော စည်းမျဉ်း စည်းကမ်းအတိုင်း အရေးယူ ခံရမည် ဖြစ်ကြောင်း ပြဋ္ဌာန်းထားသည်။

The Voice Weekly

No comments:

Post a Comment