Pages

Tuesday, October 15, 2013

ရပ်နားထားရသည့် ကချင်ပြည်နယ်ရှိ တရုတ်ရင်းနှီးမြှုပ်နှံမှုလျှပ်စစ်စီမံကိန်းရှစ်ခုမှ လုပ်ငန်းသုံးပစ္စည်းများ တရုတ်သို့ ပြန်ရွှေ့

15.10.2013

ရန်ကုန်- ကချင်ပြည်နယ်တွင် နယ်မြေမငြိမ်းချမ်းသောကြောင့် ရပ်နားလိုက်ရသော တရုတ်ရင်းနှီးမြှုပ်နှံမှု လျှပ်စစ်စီမံကိန်း ရှစ်ခု အား အကောင်အထည်ဖော်နိုင်မည့်အချိန်က မြန်မာဘက်က မပြောနိုင်ခြင်းကြောင့် ယင်းစီမံကိန်းများ မှ ပစ္စည်းများကို တရုတ်နိုင်ငံသို့ ပြန်လည်သယ်ယူသွားပြီဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

"ရပ်နားလိုက်သော စီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံမှုအများဆုံးဖြင့် ၀င်ရောက်လာသော CPI ကုမ္ပဏီက ရင်းနှီးမြှုပ်နှံထားသည့် မဂ္ဂါဝပ် ရပ်နားလိုက်တာ။ အခု သူတို့က စီမံကိန်း အကောင်အထည် ပြန်ဖော်နိုင်မယ့် အချိန်မေးတာကို ဒီဘက်ကလည်း မဖြေနိုင်တော့ ဒီက စီမံကိန်းတွေမှာလုပ်နေတဲ့ဟာတွေ အကုန်လုံးဖြုတ်ပြီး ပစ္စည်းတွေကို သူတို့နိုင်ငံကို ပြန်သယ်သွားပြီ” ဟု အထက်ပါ ပုဂ္ဂိုလ်ကပြောသည်။

ရပ်နားလိုက်ရသော စီမံကိန်းများမှာ ချီဖွေအပြင် CPI ရင်းနှီးမှုပ်နှံမှုဖြစ်သော မဂ္ဂါဝပ် ၁၂၀၀ ထွက်ရှိမည့် ယီနန်စီမံကိန်း၊ မဂ္ဂါဝပ် ၂၇၀၀ ထွက်မည့် လံဖူးစီမံကိန်း၊ မဂ္ဂါဝပ် ၂၀၀၀ ထွက်မည့် ခေါင်ပီဆာ စီမံကိန်း၊ မဂ္ဂါဝပ် ၁၈၀၀ ထွက်မည့် ၀ူဆုတ်စီမံကိန်း၊ မဂ္ဂါ ၀ပ် ၂၇၀၀ ထွက်မည့် လာဆာ စီမံကိန်း၊ ၆ မဂ္ဂါဝပ်ထွက်မည့် ထာခစီ မံကိန်းများဖြစ်ပြီး အခြား တရုတ်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ၏ မဂ္ဂါဝပ် ၁၀၅၅ ထွက်ရှိမည့် နော်ချမ်းခ စီမံကိန်းတို့ဖြစ်သည်။

စီမံကိန်းနေရာများမှာ လုံခြုံရေးစိတ်မချရမှုကြောင့် ပစ္စည်းသိမ်းယူသွားခြင်းဖြစ်သဖြင့် ထိုဒေသငြိမ်းချမ်းရေးကိစ္စများ အဆင်ပြေနိုင်မှသာ ပြန်လည်စတင်နိုင်မည်ဖြစ်ကြောင်းသတင်းရရှိသည်။ထို့ကြောင့် စစ်ပွဲများမစတင်ခင်က ပြီးစီးထားသော စီမံကိန်း နှစ်ခုဖြစ်သော ချီဖွေငယ်နှင့် တာပိန်(၁)စီမံကိန်းများမှ ဓာတ်အားများဖြန့်ဖြူးနိုင်ရေးကိုပင် နှစ်ဖက်စလုံးမှ ငြိမ်းချမ်းရေးအကျိုးတော်ဆောင် လုပ်ဆောင်နေသူများနှင့် ညှိနှိုင်းကာ ဆောင်ရွက်နေရကြောင်း သိရသည်။

ချီဖွေငယ်သည် မဂ္ဂါဝပ် ၉၉ ကျော် ထွက်ရှိမည်ဖြစ်၍ ကချင်ဒေသသုံးစွဲမှုကျော်လွန်အောင် ရရှိမည်ဖြစ်၍ မဟာဓာတ်အားလိုင်းအတွင်းသို့ပါ ထည့်သွင်းအသုံးပြုသွားမည်ဖြစ်ပြီး တာပိန်(၁)စီမံကိန်းမှာလည်း ၂၄၀ မဂ္ဂါဝပ်ထိ ထွက်ရှိနိုင်မည်ဖြစ်သည်။


7Day News Journal

No comments:

Post a Comment