Pages

Thursday, October 17, 2013

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုနှင့် အတူ SNDP တတိယအကြိမ် ပါတီညီလာခံ ပြုလုပ်မည်

Thursday, October 17, 2013

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအတွက် ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်နိုင်ရေး အပါအ၀င် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ၏ တတိယအကြိမ် ပါတီညီလာခံ ပြုလုပ်သွားရန် ရှိကြောင်း SNDP အတွင်းရေးမှူး ဦးစိုင်းလှကျော်ထံမှ သိရသည်။

အဆိုပါ ညီလာခံကို ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၇ ရက်မှ ၉ ရက်အထိ ပြုလုပ်ရန် ရည်ရွယ်ထားပြီး ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ညီလာခံတွင် ပါတီ စည်းရုံးရေးလုပ်ငန်းများလည်း ပူးပေါင်း လုပ်ဆောင်သွားရန် ရှိကြောင်း သိရသည်။

"ကျွန်တော်တို့ ပုံမှန်ညီလာခံပဲ။ တစ်နှစ်တစ်ခါ လုပ်နေကျ။ အခုကတော့ သုံးကြိမ်မြောက်ပေါ့။ ဒုတိယအကြိမ်ကတော့ တာချီလိတ်မှာ လုပ်ခဲ့တယ်။ ပါတီလုပ်ငန်းစဉ် အကုန်လုံးနဲ့ ပတ်သက်တာအားလုံး အထွေထွေပါမယ်"ဟု ဦးစိုင်းလှကျော်က ဆိုသည်။

ညီလာခံ တစ်ကြိမ်လုပ်ရာတွင် ပါတီဝင်အင်အား သောင်းဂဏန်းထိ တိုးလာကြောင်း၊ ယခင်က ရှမ်းအရှေ့တွင် ပါတီဝင် အင်အားနည်းသော်လည်း ဒုတိယအကြိမ် ပါတီညီလာခံကို ရှမ်းအရှေ့၊ တာချီလိတ်မြို့တွင် ပြုလုပ်ခဲ့ပြီးနောက် ပါတီဝင်အင်အား ငါးသောင်းခန့်အထိ တက်လာကြောင်း၊ အင်အားပြပြီး အင်အားစည်းရုံးသည့် သဘောမျိုးဖြစ်ကြောင်း တိုင်းရင်းသား ၁၅ ပါတီမှ ကိုယ်စားလှယ်များဖြင့် စုပေါင်း ဖွဲ့စည်းထားသည့် ဖက်ဒရယ် ယူနီယံပါတီ (FUP) တည်ထောင်ရန် SNDP ပါတီမှ နုတ်ထွက်ထားသူ ဘဏ္ဍာရေးမှူးဟောင်း ဦးစိုင်းစောသန်းမြင့်က ပြောကြားသည်။

လက်ရှိတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအတွက် ၀င်ရောက် ယှဉ်ပြိုင်နိုင်ရန် ကိုယ်စားလှယ်လောင်းများကို ရွေးချယ် လေ့ကျင့်ပေးနေပြီး မြို့နယ် ၅၀ ကျော်မှ တစ်မြို့နယ်လျှင် ကိုယ်စားလှယ် ငါးဦးကျစီ ရွေးချယ်ကာ လိုအပ်သည့် နိုင်ငံရေး သင်တန်းများ လေ့ကျင့်ပေးနေကြောင်း သိရသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီအနေဖြင့် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၁၅၇ နေရာအထိ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲတွင်မူ တိုးချဲ့ ယှဉ်ပြိုင်သွားရန် ရှိကြောင်း၊ SNDP အပါအ၀င် တိုင်းရင်းသား ၁၅ ပါတီဖြင့် ဖွဲ့စည်းထားသည့် ဖက်ဒရယ် ယူနီယံပါတီ (FUP) ကလည်း တိုင်းခုနစ်တိုင်းလုံးတွင် ပါဝင်ယှဉ်ပြိုင်မည် ဖြစ်သည့်အတွက် မူရင်းပါတီများဖြင့် ပေါင်းလိုက်လျှင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၀င်ရောက် ယှဉ်ပြိုင်သွားဖွယ် ရှိနေကြောင်း ဦးစိုင်းလှကျော်က ပြောကြားသည်။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီသည် လက်ရှိပြည်ထောင်စု လွှတ်တော်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တို့နောက် တတိယ လွှတ်တော်ကိုယ်စားလှယ် အများဆုံးရှိနေသည့် ပါတီတစ်ခုဖြစ်ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment