28-10-2013
ထိုင်းနိုင်ငံ နယ်စပ်ဂိတ်များမှ မွန်ပြည်နယ်အတွင်းသို့ တရားမဝင်
တင်သွင်းလာသော ကုန်ပစ္စည်းများ ကို နိုဝင်ဘာလ ၁ ရက်နေ့မှ စတင်ကာ
ဖမ်းဆီးသွားမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေး
ဝန်ကြီးဌာန မွန်ပြည်နယ် ကုန်သွယ်မှု မြှင့်တင်ရေး ဦးစီးဌာနမှူးဦးတင့်ဆန်းက ပြောကြားသည်။
အခွန်ဆောင်ထားခြင်း မရှိသည့်
တရားမဝင် ကုန်ပစ္စည်းများ၊ ကုန်ပစ္စည်း အတုများ၊ စားသုံးရန်မသင့်ဟု
သတ်မှတ်ထားသော ကုန်ပစ္စည်းများနှင့် စားအုန်းဆီ အတုများကို ဖမ်းဆီးသွားမည်
ဖြစ်ပြီး တရားမဝင် ကုန်သွယ်ရေး အက်ဥပဒေဖြင့် တရားစွဲဆိုသွားမည် ဖြစ်ကြောင်း
၎င်းက ဆက်လက်ပြောကြားသည်။
ထိုင်းနိုင်ငံမှ မွန်ပြည်နယ်သို့
ကုန်ပစ္စည်း တင်သွင်းရာ လမ်းပိုင်းဖြစ်သော အတ္တရံတံတားနှင့်
မော်လမြိုင်-ကျိုက်မရော အဝိုင်းတို့တွင် Mobile Team များ ချထားကာ စစ်ဆေး
အရေးယူသွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
မွန်ပြည်နယ်အတွင်းရှိ
ကုန်သည် အချို့ကို စက်တင်ဘာလ ၁၇ ရက်နေ့မှ စတင်ကာ အောက်တိုဘာလ ၃၀ ရက်နေ့အထိ
တရားမဝင် ကုန်ပစ္စည်းနှင့် လိုင်စင်မဲ့ ကုန်ပစ္စည်းများ တင်သွင်းခြင်း
မပြုရန် ပညာပေး လုပ်ငန်းများ ပြုလုပ်ဆောင်ရွက်နေကြောင်း ၎င်းကဆက်လက်ပြော
ကြားသည်။ “ဖမ်းမယ့်အထဲမှာ သွင်းခွင့်မပြုထားတဲ့ ကန့်သတ်ကုန်တွေပါမယ်။
အရက်၊ ဘီယာ၊ ဆေးလိပ်တွေဆို တွေ့တာနဲ့ ဖမ်းမှာပဲ၊ နောက်ပြီး စားအုန်းဆီအတု၊
ဆေးဝါးအတု၊ ကြက်ဥအတုတွေ ပါမယ်။ ကြက် အသည်းအမြစ်တွေဆို ဝင်ခွင့်ပေးမှာ
မဟုတ်ဘူး။ အခြားစားသုံးဖို့ မသင့်တဲ့ ကုန်ပစ္စည်းတွေလည်း ပါတယ်” ဟု
၎င်းကထပ်လောင်း ရှင်းပြသည်။
အဆိုပါ ကုန်ပစ္စည်းများ ဖမ်းဆီးရန်
မွန်ပြည်နယ်ရဲတပ်ဖွဲ့၊ ပြည်နယ် ယာဉ်ထိန်းရဲ၊ အထူးစုံစမ်း စစ်ဆေးရေး
ဦးစီးဌာန (စ.စ.စ)၊ တပ်မတော် တပ်ထိန်း၊ မွန်/ကရင်ပြည်နယ်
အကောက်အခွန်ဦးစီးဌာန၊ ကုန်သွယ်မှု မြှင့်တင်ရေး ဦးစီးဌာန၊ ပြည်နယ်
စည်ပင်သာယာအဖွဲ့၊ ပြည်နယ် ကျန်းမာရေးဦးစီးဌာန၊ ခရိုင် အထွေထွေအုပ်ချုပ်ရေး
ဦးစီးဌာန၊ ပြည်နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ပြည်နယ် ငါးလုပ်ငန်း
ဦးစီးဌာနတို့ဖြင့် အောက်တိုဘာလ အတွင်းတွင် ဖွဲ့စည်းခဲ့သည်။
The Voice Weekly
No comments:
Post a Comment